စစ်ကိုင်း သစ်အချောထည်စက်ရုံမှ ဖမ်းဆီးခံ ဆန္ဒပြအလုပ်သမားများနှင့် ဝန်ရံကျောင်းသားများ တတိယအကြိမ် ရုံးထုတ်တွင် အလုပ်သမားများနှင့် ဝန်းရံသူတို့က အစစ်ဆေးမခံဘဲ တရားရုံးအား ဆက်လက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၅ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် တရားရုံးတွင် စစ်ကိုင်းသစ်အချောထည် အလုပ်သမားများနှင့် ဝန်းရံ (ဗ.က.သ)ကျောင်းသား ၁၅ ဦးအား ရုံးထုတ်စစ်ဆေးရာတွင် ရဲအင်အားဖြင့် တရားခွင်အတွင်းသို့ ရောက်ရှိခဲ့သော်လည်း တရားသူကြီးက တရားရုံးချိန်းအား ထပ်မံချိန်းဆိုခဲ့ပြီး တရားရုံးအား ရပ်နားခဲ့ကြောင်း ဖမ်းဆီးခံကျောင်းသားများ၏ ပြောကြားချက်အရ သိရသည်။
“မတရား ဖမ်းဆီးခံရတဲ့အပေါ်မှာ ဒီအမှုကို ရင်ဆိုင်စရာမလိုဘူး ဆိုတဲ့အချက်နဲ့ မဆိုင်ဘူးလို့ လုပ်ထားတယ်။ ဒီရုံးချိန်းမှာကတည်းက ပုံမှန်မဟုတ်ဘူး။ ရဲအင်အား အများကြီးသုံးတယ်။ ကျွန်တော်တို့ကို လက်ထိတ် ခတ်တယ်။ အခတ်မခံဘူးလို့ ပြောတဲ့အချိန်မှာ အကြမ်းဖက်တယ်။ ထိုးတာ ကြိတ်တာတွေ လုပ်တယ်။ တရားစီရင်ရေးကို အုပ်ချုပ်ရေးက အပြီးအပိုင် ချုပ်ကိုင်ထားတယ်။ အများပြည်သူ ကြားနာခွင့်ရှိတဲ့နေရာမှာ တရားရုံးကို အုပ်ချုပ်ရေးအစီအမံနဲ့ အကာအရံတွေ လုပ်ထားတယ်။ ကျွန်တော်တို့ကို ရဲအင်အားနဲ့ပဲ ရုံးထဲရောက်အောင် ခေါ်သွားတယ်။ တရားရုံးကို သပိတ်မှောက်ထားတာ ဖြစ်တဲ့အတွက် တရားသူကြီးရဲ့ ကြားနာမှုကို ပူးပေါင်းဆောင်ရွက်ခဲ့တာ မရှိဘူး” (ဗ.က. သ) ကျောင်းသား ကိုရန်နိုင်ထွေးက ပြောကြားသည်။
စစ်ကိုင်း သစ်အချောထည်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများနှင့် ဝန်းရံ (ဗ.က.သ) ကျောင်းသားများ တတိယအကြိမ် ရုံးထုတ်ရာတွင် ယခင်ရုံးချိန်းကဲ့သို့ ဖမ်းဆီးခံရသူများ၏ မိသားစုများနှင့် ဝန်းရံသူများအား တရားရုံးပရိဝုဏ်အတွင်းသို့ ဝင်ရောက်ခွင့် မပေးသဖြင့် ရဲများနှင့် ဝန်းရံပြည်သူများ အချေအတင်ဖြစ်ခဲ့သည်။
ယင်းကဲ့သို့ အချေအတင်ဖြစ်ပြီးနောက် ဝန်းရံသူများ၏ တောင်းဆိုချက်အရ တရားရုံးအတွင်းသို့ ဝင်ရောက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။
နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကိုကိုအောင်က “ဧည့်တွေ့လာတဲ့ ဝန်းရံတဲ့အဖွဲ့တွေကလည်း အရင်တစ်ခေါက် ရုံးချိန်းမှာလည်း အလံတွေထောင်၊ ကြွေးကြော်သံတွေ ကြွေးကြော်၊ သီချင်းတွေဆိုတော့ တရားစီရင်ရေးကို နှောင့်ယှက်တဲ့ လုပ်ငန်းတွေကို ခွင့်မပြုပါဘူး။ ကန့်သတ်ပေမယ့်လည်း အခုလည်း ပေးတွေ့ထားပါတယ်။ လိုအပ်တဲ့ စိစစ်မှု၊ လိုအပ်တဲ့ ကန့်သတ်ချက်တော့ လုပ်ရမှာပါ။ ကျွန်တော် လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်တာပါ။ တစ်ခုမှ မညီညွတ်တာ မရှိပါဘူး။ အချုပ်နဲ့ပို့ရမယ့် တရားခံဟာ အချုပ်နဲ့ပို့တာပါ။ အမှု မစစ်ဖြစ်ပါဘူး။ သူတို့က တရားရုံးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ တရားရုံးမှာ တရားလိုအနေနဲ့ အစစ်ခံလို့ မရဘူး”ဟု ပြောကြားသည်။
ယခုရုံးချိန်းတွင် တရားရုံး၌ စစ်ဆေးမခံသည့်အတွက် လာမည့် ဇွန် ၂၉ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့တွေက မတရား နိုင့်ထက်စီးနင်း အဖမ်းခံရတာ ဖြစ်တယ်။ တရားရုံး ရင်ဆိုင်တဲ့အခါမှာ တရားရုံးမှာ သပိတ်မှောက်တာပဲ ဖြစ်ဖြစ်၊ စစ်ဆေးတာပဲ ဖြစ်ဖြစ်၊ တရားသူကြီးအနေနဲ့ ကြိုက်သလို အမိန့်ချလို့ ရတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေ အနေနဲ့ ပြည်သူတွေရဲ့ပြဿနာတွေကို လေးလေးစားစားနဲ့ ဖြေရှင်း ဆောင်ရွက်ပေးတာမျိုးကို ဖြစ်စေချင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက အမတ်တွေဆီကို နို့တစ်စာ ပေးပြီးသွားပြီ။ အခုအချိန်အထိ ကျွန်တော်တို့ဆီကို အကြောင်းပြန်လာခြင်း မရှိဘူး”ဟု အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုခိုင်မင်းက ပြောကြားသည်။
စစ်ကိုင်း သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် ဝန်းရံ (ဗ.က.သ) ကျောင်းသားများအား ရဲတပ်ဖွဲ့က မေ ၁၈ ရက်က နေပြည်တော်တပ်ကုန်း၊ ညောင်လွန့်ဂိတ်တွင် အင်အားသုံးဖြိုခွဲခဲ့ပြီး ဆန္ဒပြ အလုပ်သမားများနှင့် ဝန်းရံ (ဗကသ) ကျောင်းသား စုစုပေါင်း ၆၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
မေ ၁၉ ရက်က ပထမဆုံးအကြိမ်အဖြစ် တပ်ကုန်းမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
မေ ၃၁ ရက်က ကျား ၂၂ ဦး၊ မ ၁၄ ဦး စုစုပေါင်း အလုပ်သမား ၃၆ ဦးအား ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးခဲ့ပြီး ထို့အတွက် ကျန်အလုပ်သမားခေါင်းဆောင်များ နှင့်ဝန်းရံ ကျောင်းသား ၁၅ ဦးကို ပုဒ်မလေးခုဖြင့် ဆက်လက် တရားစွဲဆိုထားကြောင်း သိရသည်။
စစ်ကိုင်း သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် ဝန်းရံ (ဗ.က.သ) ကျောင်းသားများကို နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံး၌ ဇွန် ၁ ရက်က ဒုတိယအကြိမ် ရုံးထုတ်ရာတွင်လည်း အလုပ်သမားများနှင့် ဝန်းရံကျောင်းသားများက တရားခွင်သို့ ဝင်ရောက်ခြင်းမပြုဘဲ တရားစီရင်ရေးကို သပိတ်မှောက်ခဲ့ကြသည်။
စစ်ကိုင်း သစ်အချောထည်စက်ရုံမှ ဖမ်းဆီးခံ ဆန္ဒပြအလုပ်သမားများနှင့် ဝန်းရံကျောင်းသားများ တတိယအကြိမ် ရုံးထုတ်တွင် အစစ်ဆေးမခံဘဲ တရားရုံးအား ဆက်လက် သပိတ်မှောက်
စစ်ကိုင်း သစ်အချောထည်စက်ရုံမှ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် ဝန်းရံသူများက တရားရုံး ပရိဝုဏ်အတွင်း ဝင်ခွင့်တောင်းနေစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)