မန္တလေးမြို့ ကမ်းနားလမ်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ကျပ်သုံးဘီလျံ တန်ကြေးရှိ မူးယစ်ဆေးဝါး အများအပြား ထပ်မံဖမ်းဆီးရမိ

မန္တလေးမြို့ ကမ်းနားလမ်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ကျပ်သုံးဘီလျံ တန်ကြေးရှိ မူးယစ်ဆေးဝါး အများအပြား ထပ်မံဖမ်းဆီးရမိ
Published 15 June 2016
ယဉ်မျိုးသွယ်

စစ်ကိုင်းမြို့အဝင် ကံတလူတိုးဂိတ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ နှစ်ဦးအား ဖမ်းဆီးရမိရာမှ တစ်ဆင့် ဆက်စပ်၍ မန္တလေးမြို့ကမ်းနားလမ်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ကျပ်သုံးဘီလျံ တန်ကြေးရှိ မူးယစ်ဆေးဝါး အများအပြား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၁) မူးယစ်တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
 
ဇွန် ၁၄ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းမြို့အဝင် ကံတလူတိုးဂိတ်တွင် အမျိုးသားတစ်ဦး မောင်းနှင်ပြီး တစ်ဦး လိုက်ပါလာသော မတ်ခ်တူးယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအတွင်းမှ အဖြူရောင် ဆူဒိုအက်ဖီဒရင်းဟု ယူဆရသော အမှုန့်ထုပ် ၁၄ ထုပ်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
 
အဆိုပါ ဆူဒိုအက်ဖီဒရင်းထုပ် ၁၄ ထုပ်သည် ၆၁ ဒသမ ၅ ကီလိုဂရမ် ပါဝင်သဖြင့် ကာလပေါက်ဈေး ခန့်မှန်းတွက်ချက်မှုအရ ကျပ်သိန်းသုံးထောင်ခန့် ရှိမည်ဟု သိရသည်။ ယာဉ်မောင်းမှာ စိုးဦးဖြစ်ပြီး လိုက်ပါလာသူမှာ တမူးမြို့နေသူ ယာဉ်ပိုင်ရှင် ထက်နေဇင်ဖြစ်ကြောင်း သိရပြီး ကွင်းဆက်ဖော်ထုတ်နိုင်ရန် စစ်ကိုင်း၊ မုံရွာ၊ မန္တလေး မူးယစ်တပ်ဖွဲ့အသီးသီးချိတ်ဆက် ဆောင်ရွက်ချက်အရ မန္တလေးမြို့တွင်လည်း နေ့ချင်း ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။
 
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်းနှင့် လမ်း ၉၀ ကမ်းနားလမ်းတွင်လည်း ဆူဒိုအက်ဖီဒရင်းဆေးပြားအမှုန့်ဟု ယူဆရသည့် မူးယစ်ဆေးအထုပ် ၂၀ ကို တွေ့ရှိခဲ့ရပြီး တန်တစ်ဝက် (၅၀၀ ကီလိုဂရမ်) ခန့်ရှိကာ ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းသုံးသောင်းခန့် ရှိနိုင်ကြောင်း အမှတ် (၁) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးမြင့်အောင်ထံမှ သိရသည်။
 
“အဖမ်းအဆီးများနေတော့ အိမ်သုံးဆေးဝါးတွေနဲ့ ပုံမှားရိုက် အယောင်ဆောင်ပြီး သယ်ကြတယ်။ အခုလည်း ဆေးပြားလိုက် မသယ်ဘဲ အမှုန့်အနေနဲ့သယ်တာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ စစ်ကိုင်းမှာ စဖမ်းမိတဲ့ ကွင်းဆက်ကနေ မန္တလေးမှာ အခုလက်ရှိအချိန်ထိ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ ထပ်မိထားတာ တော်တော်များပါတယ်။ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းမှာ မိတာကတော့ တန်တစ်ဝက်လို့  လတ်တလော ခန့်မှန်းတာပါ။ ဒီ့ထက်ပိုများနိုင်ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်မှာ မိတာကတော့ ရေတွက်နေတုန်းမို့ မသိရသေးဘူး။ သူ့အပိုင်းနဲ့သူ မူးယစ်တပ်ဖွဲ့တွေ အသီးသီးဝင်ရောက် ရှာဖွေဖမ်းဆီးမှုတွေ လုပ်နေတုန်းပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။