အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းများနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်များ အန္တရာယ်ကင်းပြီး ကောင်းမွန်သည့် ထုတ်လုပ်မှု စနစ်ရရှိရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပညာပေး အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။“အခုလက်ရှိမှာ စက်ရုံအလုပ်ရုံတွေက ထုတ်လုပ်တဲ့ အစားအသောက်တွေ အန္တရာယ် ကင်းဖို့အတွက် အခုပညာပေး လုပ်ငန်းတွေ လိုက်လုပ်နေတာ လှိုင်သာယာ စက်မှုဇုန်နဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်တွေမှာ ပညာပေးပြီး ဖြစ်ပါတယ်။ ပညာပေးတဲ့ နေရာမှာ ကုန်ကြမ်းပစ္စည်းကနေ စားသုံးသူ လက်ထဲရောက်တဲ့အထိ အဆင့်တိုင်း အဆင့်တိုင်းမှာ ကောင်းမွန်တဲ့ ထုတ်လုပ်မှု စနစ်ရရှိဖို့ အဓိက ပညာပေးခဲ့ပါတယ်။ အဲဒီမှာ ထုတ်လုပ်မှု အဆင့်ဆင့်၊ ထုပ်ပိုးမှု လုပ်ပုံလုပ်နည်းတွေ၊ ပစ္စည်းထားသိုပုံ၊ ထားသိုနည်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ နောက်ဆုံး စားသုံးသူ လက်ထဲရောက်တဲ့အထိ အန္တရာယ်မရှိဘဲ စားသုံးနိုင်ဖို့ ပညာပေး အစီအစဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်။ အခုတော့ စက်မှုဇုန်နှစ်ခုတော့ ပြီးသွားပြီ။ နောက်ပိုင်း အသေးစား၊ အလတ်စားနဲ့ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ စာရင်း ကောက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်က ပြောကြားသည်။ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် အမျိုးသား အစားအသောက် ဥပဒေကို နိုင်ငံတကာနှင့် ပြည်တွင်းက ပညာရှင်များ ပူးပေါင်းကာ အသစ်ပြန်လည် ရေးဆွဲနေရာ ပထမမူကြမ်း အဆင့်ထိ ပြီးစီးနေပြီ ဖြစ်သည်။၁၉၉၂ ခုနှစ် ကတည်းက ရေးဆွဲခဲ့သည့် အမျိုးသား အစားအသောက် ဥပဒေပါ အချက်အလက်များမှာ ခေတ်ကာလနှင့် လျော်ညီမှု မရှိသည့်အတွက် အသစ်ပြန်လည် ပြင်ဆင်ခြင်းဖြစ်ပြီး ဥပဒေအသစ်တွင် ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန် အညွှန်းများနှင့် ပတ်သက်သည့် အချက်များကိုပါ ထပ်မံ ဖြည့်စွက်သွားမည် ဖြစ်ကြောင်း သိရသည်။လက်ရှိ ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန် အချို့တွင် စားသောက်ကုန် အညွှန်းများ၊ ပါဝင်ပစ္စည်းများ၊ ထုတ်လုပ်သည့် ကုမ္ပဏီ လုပ်ငန်းများစသည့် အချက်အလက်များကို မူရင်း ထုတ်လုပ်သည့် နိုင်ငံမှ ဘာသာ စကားဖြင့်သာ ရေးသားထားပြီး လူအများ နားလည်နိုင်သည့် ဘာသာစကား (ဥပမာ-အင်္ဂလိပ်) ဘာသာဖြင့် ဖော်ပြထားမှု အားနည်းနေခြင်းကြောင့် အန္တရာယ် တစ်စုံတစ်ရာ တွေ့ရှိခဲ့ပါက အရေးယူနိုင်ရန် အခက်အခဲ ကြုံတွေ့နေရခြင်းကြောင့် အသစ် ပြင်ဆင် ဖြည့်စွက်မည့် ဥပဒေတွင် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။အမျိုးသား အစားအသောက် ဥပဒေမှာ လက်ရှိအချိန်အထိ အသက်ဝင်နေဆဲ ဖြစ်ပြီး ဥပဒေအရ ကျန်းမာရေးနှင့် ညီညွတ် သန့်ရှင်းမှု မရှိသော အခြေအနေတွင် အစားအသောက်ကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း (သို့မဟုတ်) ရောင်းချခြင်း၊ အစားအသောက်မှ တစ်ဆင့် ကူးစက်နိုင်သော ရောဂါပိုးရှိသူ (သို့မဟုတ်) အဆိုပါ ရောဂါပိုး သယ်ဆောင်သူကို အစားအသောက် ထုတ်လုပ်သော၊ သိုလှောင်သော (သို့မဟုတ်) ရောင်းချသော နေရာသို့ ဝင်ရောက်စေခြင်း၊ အလုပ်လုပ်ကိုင်စေခြင်း စသည့်လုပ်ရပ်များ ကျူးလွန်သူအား မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီမှ ယာယီ သို့မဟုတ် ပိတ်ပင်တားမြစ်ခြင်း ပြစ်ဒဏ် ချမှတ်နိုင်သည်။
အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းနှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန်များ ကောင်းမွန်သည့် ထုတ်လုပ်မှု စနစ်ရရှိရန် ပညာပေး အစီအစဉ် ပြုလုပ်မည်









