လေးနိုင်ငံပြိုင်ပွဲ ဆီမီးပွဲစဉ်အဖြစ် ဗီယက်နမ်-ဟောင်ကောင်၊ မြန်မာ-စင်ကာပူ ယနေ့ ယှဉ်ပြိုင်မည် အသင်း၏ အဓိက ပြဿနာမှာ ဂိုးပေါက် ပျောက်ဆုံးနေမှုဖြစ်ကြောင်း ဂတ်ဖရိုင်းဒရစ် ပြောကြား

လေးနိုင်ငံပြိုင်ပွဲ ဆီမီးပွဲစဉ်အဖြစ် ဗီယက်နမ်-ဟောင်ကောင်၊ မြန်မာ-စင်ကာပူ ယနေ့ ယှဉ်ပြိုင်မည် အသင်း၏ အဓိက ပြဿနာမှာ ဂိုးပေါက် ပျောက်ဆုံးနေမှုဖြစ်ကြောင်း ဂတ်ဖရိုင်းဒရစ် ပြောကြား
မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ပြီးခဲ့သည့် မတ် ၂၄ ရက်က စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့စဉ် (ဓာတ်ပုံ - ညီညီစိုးညွန်)
မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ပြီးခဲ့သည့် မတ် ၂၄ ရက်က စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့စဉ် (ဓာတ်ပုံ - ညီညီစိုးညွန်)
Published 3 June 2016

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇွန် ၃ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး ပထမ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် ဗီယက်နမ် အသင်းနှင့် ဟောင်ကောင်အသင်း၊ ဒုတိယ ပွဲစဉ်အဖြစ် ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာ အသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က အသင်း၏ အဓိက ပြဿနာမှာ ဂိုးပေါက် ပျောက်ဆုံးနေမှု ဖြစ်ကြောင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ဂတ်ဖရိုင်းဒရစ်က “လေးနိုင်ငံပြိုင်ပွဲဟာ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အကောင်းဆုံး ရလဒ်ရယူပြီး အောင်မြင်မှု ရရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အသင်းရဲ့ အဓိက ပြဿနာဖြစ်နေတာက ဂိုးပေါက် ပျောက်ဆုံးနေမှု ဖြစ်နေပါတယ်။ အဆုံးသတ် ဂိုးသွင်း အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို လေ့ကျင့်ရေး ကွင်းမှာတော့ အကြိမ်ကြိမ် ပြင်ဆင်နေပါတယ်။ စင်ကာပူ အသင်းနဲ့ ပြီးခဲ့တဲ့ နှစ်လကျော်က တွေ့ဆုံခဲ့ဖူးပြီး အသင်းကောင်း တစ်သင်းဖြစ်တယ် ဆိုတာ ပြောစရာတောင် မလိုပါဘူး။ စင်ကာပူ အသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ကြိုးပမ်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်းနှင့် စင်ကာပူ လက်ရွေးစင် အသင်းတို့သည် ပြီးခဲ့သည့် မတ် ၂၄ ရက် က စင်ကာပူနိုင်ငံတွင် ခြေစမ်းကစားခဲ့ပြီး မြန်မာအသင်းမှာ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၃၅,၀၀၀ ချီးမြှင့်သွားမည် ဖြစ်သည်။မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) သည် မြန်မာဘောလုံးပရိသတ် အများအပြား လာရောက် အားပေးရန် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိပြီး ကွင်းအတွင်း တစ်ခဲနက်အားပေးရန် စီစဉ်ထားကြောင်း သိရသည်။ယနေ့ ယှဉ်ပြိုင်ကစားမည့် ဆီမီးပွဲစဉ်များကို MRTV ၊ For Sports ရုပ်သံလိုင်းများ အပြင် MWD နှင့် ဆက်စပ် ရုပ်သံလိုင်းများကလည်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။