ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။UPDJC အဖွဲ့ဝင် ဦးလှမောင်ရွှေက “မနေ့ကတော့ အစိုးရ အဖွဲ့သစ်က အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားပြုတဲ့ ၁၆ ဦး အမည်စာရင်း တင်သွင်းခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ပြန်ပြင်ဆင်ထားတဲ့ သူတို့ စာရင်းကို အတည်ပြုထားပါတယ်။ နိုင်ငံရေး ပါတီကလည်း အကြို သူတို့ အချင်းချင်း ညှိနှိုင်းပြီးတော့ အစည်းအဝေး ပြန်စတဲ့အခါ သူတို့ရဲ့ သဘောထားကတော့ အစိုးရ အနေနဲ့ မူဝါဒ ချမှတ်ပြီး ဦးဆောင်တာ ဖြစ်တဲ့အတွက် ဒီပေါ်လစီကို သူတို့ အနေနဲ့ သဘောတူပါတယ်ပေါ့။ ဒီ ၁၆ ဦးကို အနိုင်ရတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် တစ်ခုခုမှာ အနိုင်ရထားတဲ့လူနဲ့ ပြန်လည်ဖွဲ့စည်း ဖို့ကိုတော့ အစိုးရကပဲ ဦးဆောင်သွားဖို့ ဒီနေ့ ပြီးပြတ်သွားပါတယ်” ဟု ဆိုသည်။UPDJC အနေဖြင့် လာမည့် ဇွန်လအတွင်း အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသည့် လက်နက်ကိုင် အဖွဲ့များ ပါဝင်လာရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ UPDJC ၏ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို ဇွန်လအကုန် သို့မဟုတ် ဇူလိုင်လ ပထမပတ် ဒုတိယပတ်အတွင်း ပြန်လည် စတင်နိုင်မည်ဖြစ်ကြောင်း၊ ၂၁ ရာစု ပင်လုံ ညီလာခံအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ဖြင့် ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။“နောက်တစ်လခွဲလောက်မှာပဲ ဖြစ်ဖြစ် နောက်ထပ်လည်း ပါဝင်လာနိုင်မယ့် တိုင်းရင်းသားတွေပါ ပါဝင်စေလိုတဲ့ ဆန္ဒနဲ့ အဲဒီတော့မှ ကျွန်တော်တို့ ဆက်လုပ်ပါမယ်။ အခုတော့ ပါလာနိုင်မယ်လို့ မျှော်လင့်ထားတဲ့ လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားတွေကိုလည်း နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို သုံးသပ်တဲ့ အခါမှာလည်း ဖိတ်ကြားဖို့ ရည်ရွယ်ပါတယ်။ အဲဒါမှသာလျှင် သူတို့ ကိုယ်တိုင်က ကိုက ဒီပေါ်မှာ ပိုမိုနားလည် စိတ်ဝင်စားပြီး သူတို့ကိုယ်တိုင် ပါဝင်တယ် ဆိုတာမျိုးနဲ့ ပိုပြီး သွားနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် ဒါကို ဆွေးနွေးတာ အားလုံးကတော့ သဘောတူပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် စုဖွဲ့မှုအတွက် ရွေးချယ်ရာတွင် အခက်အခဲများ ရှိနေပြီး ကိုယ်စားလှယ် ရွေးချယ်မှုသည် အစိုးရက ရွေးချယ်ပေးမည့် အနေအထားဖြစ်ကြောင်း ABSDF မှ ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။“အခက်အခဲတွေ ရှိနေတော့ နှစ်မျိုး တင်ပြတယ်လို့ နားလည်တယ်။ မူလ နိုင်ငံရေး ပါတီတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကိုပဲ တာဝန်ပေးမလား။ ဒါမှမဟုတ် ကိုယ်စားလှယ် အသစ်တွေကို ရွေးမလား။ အဲဒီ နှစ်ခုထဲမှာ အခုလောလောဆယ်မှာတော့ တစ်နည်းအားဖြင့်ပြောရင် ကိုယ်စားလှယ်တွေ ပြောင်းလဲရမယ့် အနေအထား ရှိတယ်။ ရှိတော့ နိုင်ငံရေး ပါတီတွေရဲ့ အြေ့ပာင်းအလဲမှာ အခု တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေနဲ့ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မရှိဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ မြန်မာပြည်မှာ ၉၂ ပါတီ ရှိတယ်။ ၉၂ ပါတီမှာ ကိုယ်စားလှယ်တွေ ဘယ်လို ပါကြမလဲ။ ဒီနေရာမှာ သူတို့နိုင်ငံရေးပါတီ အစုအဖွဲ့ထဲမှာ ဆုံးဖြတ်ဖို့ အခက်အခဲတွေ ရှိတယ်။ ဒီအတွက် အခု လောလောဆယ် အနေအထားမှာ အနိုင်ရ နိုင်ငံရေးပါတီ၊ လက်ရှိ တာဝန်ယူထားတဲ့ အစိုးရရဲ့ မူဝါဒနဲ့ ကိုက်ညီမယ့် အစိုးရက ရွေးချယ်မယ့် ကိုယ်စားလှယ်တွေကိုပဲ လွှတ်မလား။ အဲဒီနှစ်နည်းမှာ အစိုးရ ကိုယ်တိုင်က သတ်မှတ်ရွေးချယ်ပေးမယ့် ကိုယ်စားလှယ်တွေနဲ့ ဖြစ်လာလိမ့်မယ်လို့ ယူဆရတယ်” ဟု ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြန်လည် ဖွဲ့စည်း















