နေပြည်တော် သားဖွားမီးယပ် ဆေးရုံတွင် မေ့ဆေး အထူးကု ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်နေသည့် Naing Htoo Aung Facebook အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် Eleven Media Group က အမှုဖွင့်ထား

နေပြည်တော် သားဖွားမီးယပ် ဆေးရုံတွင် မေ့ဆေး အထူးကု ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်နေသည့် Naing Htoo Aung Facebook အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် Eleven Media Group က အမှုဖွင့်ထား
Published 28 May 2016

ရင့်သီး ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် Eleven Media Group ၏ CEO အား ပုတ်ခတ်ဝေဖန်ခြင်း၊ Messenger မှ တစ်ဆင့် စိန်ခေါ် ခြိမ်းခြောက်သည့်စာ ပေးပို့ခြင်းများ ပြုလုပ်ခဲ့သည့် Naing Htoo Aung Facebook Account ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့်ထားသည်။အဆိုပါ Naing Htoo Aung Facebook Account ပိုင်ရှင်မှာ နေပြည်တော် သားဖွားမီးယပ် ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသော မေ့ဆေး အထူးကု ဆရာဝန် ဒေါက်တာနိုင်ထူးအောင် ဖြစ်ကြောင်း Naing Htoo Aung Facebook တွင် ၎င်းကိုယ်တိုင် ရေးသားထားချက်များ အရ သိရသည်။အဆိုပါ Naing Htoo Aung Facebook Account အကောင့်သုံးစွဲသူသည် မေ ၁၈ ရက်က ၎င်း၏ Facebook မှ တစ်ဆင့် Eleven Media Group နှင့် Eleven Media Group ၏ CEO အား ရင့်သီး ရိုင်းစိုင်းသည့် အသုံးအနှုန်းများဖြင့် စွပ်စွဲပုတ်ခတ် ရေးသားခဲ့ပြီး ၎င်း၏ အမည်၊ ရာထူး၊ မှတ်ပုံတင်၊ တာဝန် ထမ်းဆောင်သည့် နေရာ စသည်တို့ကို ထည့်သွင်းကာ စိန်ခေါ်သကဲ့သို့ ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ရေးသားမှုတွင် ‘ခွေးရူးမှန်း မသိအောင် ရူးတာ ကောင်းပါတယ်ဗျာ’ ဟူသည့် ရိုင်းစိုင်းသော အသုံးအနှုန်း အပါအဝင် Eleven Media Group နှင့် EMG CEO အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေသည့် စွပ်စွဲပုတ်ခတ် ရေးသားမှုများဖြင့် ၎င်း၏ Facebook တွင် အများမြင်သာအောင် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရုံးခွဲ တာဝန်ခံ ဦးနေရိုင်းက တရားလို ပြုလုပ်ကာ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ် အမှတ် (၃) မြို့မ ရဲစခန်းက (ပ) ၁၂/၂၀၁၆၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။ဇမ္ဗူသီရိမြို့နယ် အမှတ် (၃) မြို့မရဲစခန်း၊ စခန်းမှူး ဦးအောင်သွင်ဦးက “သူ့ဌာနဆိုင်ရာကို အကြောင်းကြားတာတွေ စစ်ဆေးတာတွေ အကုန်လုပ်မှာပါ။ ဌာနဆိုင်ရာကို အကြောင်းကြားမယ်။ ကျွန်တော် ခေါ်စစ်ပါမယ်။ ဖမ်းဆီး တရားစွဲဆို ခွင့်ပြုမိန့်၊ အဲဒါ တခါတည်း တင်ရမှာပါ။ ကျွန်တော် အားတာနဲ့ တန်းစစ်မှာပါ” ဟု မေ ၂၈ ရက်နေ့က ပြောကြားပါသည်။လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက်မှုများ၊ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းအောင် ရေးသားမှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်မှုများ ရှိနေကြောင်း သိရသည်။ သို့သော် ယင်းကဲ့သို့ အမှုဖွင့်မှုများ အနက် ယခင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား Facebook မှတစ်ဆင့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ရေးသား ပြောဆိုမှုများ၊ ဓာတ်ပုံများ ဖော်ပြခြင်းတို့နှင့် ပတ်သက်၍ အမှုဖွင့်ထားသူများ ကိုသာ ဖမ်းဆီးစစ်ဆေး အရေးယူကာ တရားစွဲဆိုပြီး ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အများ ပြည်သူမှ တိုင်ကြားသော ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်သည့် အမှုများအပေါ် ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့မှုများမှာ ချောစန္ဒီထွန်း (ခ) ချစ်သမီးအား တပ်မတော် ယူနီဖောင်း အရောင်ပြောင်းလဲ ဝတ်ဆင်ထားသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံကို ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် ခိုင်းနှိုင်း ရေးတင်ခဲ့သည်ဟု ဆိုကာ တရားစခန်းဝင်သည့် နေရာတွင် သွားရောက်ခေါ်ဆောင် ဖမ်းဆီး၍ အမှုဖွင့် တရားစွဲဆိုပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပုံကို ခြေထောက်ဖြင့် နင်းသည့် ပုံအား Zaw Myo Nyunt အမည်ရှိ Facebook Account တွင် Post ပြုလုပ်ခဲ့သည့် အတွက် ပုဒ်မ ၆၆ (ဃ)၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုကာ ပုဒ်မနှစ်ခု အတွက် ဦးဇော်မျိုးညွန့်အား အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်း၊ ယင်း Post အား Facebook တွင် တင်သည့်အတွက်ဟု ဆိုကာ ကချင်အမျိုးသား ဦးခွန်ဂျာလီအား ရှာဖွေ ဖမ်းဆီးကာ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းထွန်းသည် Thu Thu အမည်ရှိ Facebook Account တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Post တင်သည့်အတွက် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်း၊ ကဗျာဆရာ မောင်ဆောင်းခအား ၎င်း၏ Facebook တွင် ‘ပုံရိပ်’ ကဗျာ ရေးသားခဲ့သဖြင့် ထိုစဉ်က သမ္မတ ဦးသိန်းစိန်အား ပုတ်ခတ်သည်ဟု ဆိုကာ ရှာဖွေဖမ်းဆီး တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့ခြင်း၊ Facebook တွင် လူသိများသည့် Kyat Pha Gyi အကောင့် ပိုင်ရှင်ဟု ဆိုသည့် မရမ်းကုန်းမြို့နယ်နေ ဦးလှဖုန်းကို ဖမ်းဆီး၍ ပုဒ်မ ၆၆ (ဃ) အပါအဝင် အခြားပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားခြင်း (လက်ရှိတွင် အမှုရင်ဆိုင်နေဆဲ ဖြစ်သည်)၊ နိုင်ငံတော် အကြီးအကဲများနှင့် NLD ပါတီအား စော်ကားပုတ်ခတ်သည့် စာများကို Nay Myo Wai အမည်ဖြင့် Facebook စာမျက်နှာတွင် တင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေအား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ကန်ကြီးထောင့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဖမ်းဆီး တရားစွဲဆိုထားခြင်း (လက်ရှိတွင် ပုသိမ်ထောင်တွင် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေဆဲ) စသည်တို့ ဖြစ်သည်။“နေပြည်တော်မှာ မေ့ဆေးအထူးကု ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေတယ် ဆိုတဲ့ ဒေါက်တာ နိုင်ထူးအောင် (Naing Htoo Aung Facebook Account သုံးစွဲသူ) ကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှု ဖွင့်ထားပါပြီ။ ဒီမတိုင်ခင်မှာ Myat Maw Facebook Account ပိုင်ရှင်နဲ့ သန်းထွန်းဇော် Facebook Account သုံးစွဲတဲ့ ဒါရိုက်တာ မိုက်တီးတို့ကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိသေးပါဘူး။ Myat Maw အမှု ဆိုရင် အချိန် ငါးလ ရှိပါပြီ။ အမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်နေတယ် ဆိုတာတောင် မသိရပါဘူး။ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးတွေဆီ စာပေးပို့ထားတာတွေကိုလည်း အခုအထိ ဘာမှ အကြောင်းမပြန်သေးပါဘူး။ အမှု ဖွင့်ထားပေမယ့် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်မှုတွေ ကြန့်ကြာနေတဲ့အတွက် အဲဒီသူတွေက Facebook ကနေ ပုတ်ခတ် ဝေဖန်တာတွေ ပိုလုပ်လာကြတယ်။ ဒါ့အပြင် အခြားသူတွေပါ ပါလာပြီး Group Cyber Threat လုပ်သလို ဖြစ်လာပြီ။ Naing Htoo Aung Facebook Account ပိုင်ရှင်ရဲ့ လုပ်ရပ်ဆိုရင် Facebook ကနေ အသရေဖျက်တာတင် မက ကျွန်တော်တို့ CEO ရဲ့ Messenger ကို ရင့်သီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ တိုက်ရိုက်ပေးပို့ပြီး စိန်ခေါ်၊ ခြိမ်းခြောက်တာ အထိ လုပ်လာတာပါ။ ပြီးတော့ ကျွန်တော်တို့ Eleven Media Group CEO ကို အသက်အန္တရာယ် ထိခိုက်အောင် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်က အဓိက ကျူးလွန်သူကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒါကြောင့် အခုလို တိုင်ကြားထားမှုတွေ အပေါ် ဥပဒေအတိုင်း ထိထိရောက်ရောက် မဆောင်ရွက်လို့ ကျွန်တော်တို့ EMG CEO နဲ့ တိုင်ကြားသူတွေ အန္တရာယ် တစ်စုံတစ်ခု တွေ့ကြုံခဲ့မယ် ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ တာဝန် ရှိသွားပါပြီ။ ပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်ရင် နိုင်ငံ့ အကြီးအကဲတွေနဲ့ ဆိုင်တဲ့ ဖြစ်စဉ်တွေကိုသာ အရေးယူ ဆောင်ရွက်နေပြီး သာမန်ပြည်သူတွေက ဖွင့်တဲ့ ပုဒ်မ ၆၆ (ဃ) အမှုတွေကို ရဲတပ်ဖွဲ့က တရားစွဲဆိုတဲ့ အဆင့်အထိ လုပ်ဆောင်တာ ကျွန်တော်တို့ စုံစမ်းရသလောက် တစ်မှုမှ မကြားသေးဘူး။ ဒါကြောင့် ဥပဒေအတိုင်း မဆောင်ရွက်ဘဲ ဥပဒေ ပုဒ်မတွေကို စံနှုန်းနှစ်မျိုးနဲ့ လုပ်နေမယ်ဆိုရင် တရားဥပဒေ စိုးမိုးမှုရှိမှာ မဟုတ်ဘူး။ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ်ကို တန်းတူ ရသင့်ပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Most Read

Most Recent