၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လွှတ်တော်အတွင်း ပြင်ဆင်ရန် မဖြစ်နိုင်၍ အသစ်ရေးဆွဲရမည် ဖြစ်သောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲမည့် ကော်မတီတစ်ရပ်ကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။
မေ ၂၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၂၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လို့မရတော့ဘူးလို့ ယုံကြည်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးမယ်ဆိုတာကို အန်ကယ်တို့က အစောကြီးကတည်းက ပြောပြီးသားဖြစ်တယ်။ အခုကတော့ အသစ်ရေးမယ်ဆိုတဲ့ ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် ရေးဆွဲရေး ကော်မတီကို အန်ကယ်တို့ကဖွဲ့ဖို့ ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာ အားလုံးပါဝင်တဲ့ အစုကြီးအဖွဲ့ကြီး တစ်ခုလုံးကို ဖိတ်ခေါ်ပြီးတော့မှ ရေးမှာပါ၊ တစ်စုတစ်ဖွဲ့ကနေပြီးတော့ ရေးတဲ့ဟာမျိုး မဟုတ်ဘူး။အားလုံးပေါ့၊ လူထုပါမယ်၊ နိုင်ငံရေးပါတီတွေပါမယ်၊ လူမှုအဖွဲ့အစည်းတွေပါမယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေပါမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေပါမယ်။ အားလုံးနဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ အားလုံးနဲ့ဆိုင်တယ်။ အားလုံးဝိုင်းလုပ်ရမယ့် သဘောပါပဲ။အခုကတည်းက စနေပြီ။
ဒီကော်မတီမှာပါတဲ့ ကိုယ်စားလှယ်တွေ အကုန်လုံး ဒီမှာကိုယ်စားလှယ်တွေ အကုန်လုံး ဒီမှာစာရင်းတွေရပြီ။ စာရင်းတွေလည်း သွင်းနေပြီ။ ဒီမှာစာရင်းကို ထုတ်ပြန်ကြေညာမသွားတာပဲ ရှိတယ်။ တကယ်တော့ ဒီကော်မတီက ဖွဲ့စည်းပြီးသလောက်ကို ဖြစ်နေပြီ” ဟု ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ထို့ပြင် ၂၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှ အမျိုးသားရေး တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်သော နိုင်ငံရေး တပ်ပေါင်းစုကြီးအား ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီများအား နိုင်ငံအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အားလုံးတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် တောင်သူလယ်သမား သမဂ္ဂများ၊ အကျိုးဆောင် ကွန်ရက်များ၊ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား စုစည်း၍ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂကြီးအား ပိုမိုကြီးမားကျယ်ပြန့်စွာ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် အလုပ်သမားများ၊ အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် လူနေမှုဘ၀ တိုးတက်ဖွံ့ဖြိုးနိုင်ရေးတို့အတွက် ပြည်ထောင်စု တိုင်းရင်းသား အလုပ်သမား သမဂ္ဂအား အလုပ်သမား သမဂ္ဂများ၊ အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်၍ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း အခမ်းအနားမှ ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်မှ ချမှတ်ထားသော မူ ၆ ချက်အား ရုပ်သိမ်းပေးရန်၊ မြစ်ဆုံစီမံကိန်း အပါအဝင် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား ထိခိုက်နစ်နာစေသော သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးစေသော တိုင်းပြည်အတွင်းရှိ သယံဇာတများ ကုန်ခန်းပြီး နောင်မျိုးဆက်များ တိုးတက်ဖွံ့ဖြိုးရေးကို ထိခိုက်စေသော စီမံကိန်းအား လုံးဝဖျက်သိမ်းပေးရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း ၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၂၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှ တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
အလားတူ အခမ်းအနားက အကြောင်းအမျိုးမျိုးပြ၍ သိမ်းဆည်းထားသော လယ်ယာမြေအားလုံး ပိုင်ရှင်လက်ဝယ် ပြန်လည်အပ်ရန်နှင့် တောင်သူလယ်သမားများအပေါ် ဥပဒေမဲ့ ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား ဥပဒေနှင့်အညီ အရေးယူပေးရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်၊ စီတန်းလှည့်လည်ခွင့်များအား ထိခိုက်စေသည့် ဥပဒေများကို ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးချုပ်နှောင်၊ တရားစွဲဆိုမှုများအား ရုပ်သိမ်းပေးရန်နှင့် နဝတ၊ နအဖ စစ်အစိုးရတို့မှ ၎င်းတို့အုပ်ချုပ်စဉ် ကာလအတွင်း ပြည်သူများအပေါ် ကျူးလွန်ခဲ့သော လုပ်ရပ်များအတွက် ပြည်သူသို့ ဝန်ချတောင်းပန်ပေးရန် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
၁၉၉၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၃၉၂ ဦးဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရန် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဟု ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ထုတ်ပြန်















