အိုးလ်ထရက်ဖို့ဒ်ကွင်း၌ တွေ့ရှိသော သံသယဖြစ်ဖွယ် အထုပ်မှာ ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုအတွက် လေ့ကျင့်ရာတွင် အသုံးပြုသော ဗုံးဖြစ်ပြီး ရွှေ့ဆိုင်းခဲ့သည့်ပွဲကို ယနေ့ ပြန်လည် ယှဉ်ပြိုင်ကစားမည်

အိုးလ်ထရက်ဖို့ဒ်ကွင်း၌ တွေ့ရှိသော သံသယဖြစ်ဖွယ် အထုပ်မှာ ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုအတွက် လေ့ကျင့်ရာတွင် အသုံးပြုသော ဗုံးဖြစ်ပြီး ရွှေ့ဆိုင်းခဲ့သည့်ပွဲကို ယနေ့ ပြန်လည် ယှဉ်ပြိုင်ကစားမည်
Published 17 May 2016

မေ ၁၅ ရက်က မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း၌ တွေ့ရှိခဲ့သော သံသယဖြစ်ဖွယ် အထုပ်မှာ ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှုအတွက် လေ့ကျင့်ရာတွင် အသုံးပြုသည့် ဗုံးဖြစ်ကြောင်း ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့သည်။ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲ မတိုင်မီ မိနစ် ၂၀ ခန့် အလိုတွင် ကွင်းအနောက်ဘက်ခြမ်းရှိ Stretford End ပွဲကြည့်စင်၌ သံသယဖြစ်ဖွယ် အထုပ် တစ်ထုပ် တွေ့ရှိခဲ့သောကြောင့် ပွဲအား ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ပရိသတ်များမှာ ကွင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးနောက် အနံ့ခံခွေးများ၏ အကူအညီဖြင့် လိုက်လံရှာဖွေခဲ့ရာ Stretford End ပွဲကြည့်စင်၌ တွေ့ရှိခဲ့ပြီး ဗြိတိန်စစ်တပ်မှ ကျွမ်းကျင်သူများက တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့မှ ဒုတိယ အဆင့်မြင့်ဆုံး အရာရှိဖြစ်သူ ဂျွန်အိုဟာရေးက “ကျွန်တော်တို့ တွေ့ရှိခဲ့တဲ့ အထုပ်က ဖောက်ခွဲရေးပစ္စည်း ရှာဖွေရေးအတွက် လေ့ကျင့်ရာမှာ သုံးတဲ့ပစ္စည်း ဖြစ်ပါတယ်။ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတစ်ခုက  အနံ့ခံခွေးတွေ ပါဝင်တဲ့ လေ့ကျင့်မှုပြုလုပ်စဉ်မှာ Stretford End ပွဲကြည့်စင်ရဲ့ သန့်စင်ခန်းအတွင်း ကျန်နေခဲ့တာပါ။ ဒီပစ္စည်းက ပေါက်ကွဲခြင်း မရှိပေမယ့် အစစ်နဲ့တူအောင် ပြုလုပ်ထားတာပါ။ ပရိသတ်တွေကို ကွင်းထဲကနေ ရွှေ့ပြောင်းစေခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတည်မပြု နိုင်သေးတဲ့ အခြေအနေမှာ လူတွေရဲ့အသက်နဲ့ မစွန့်စားသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်း ရှာဖွေမှု လေ့ကျင့်ခဲ့သည့် ကုမ္ပဏီမှာ ယင်းပွဲမတိုင်မီ လေးရက် အလိုကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ရွှေ့ဆိုင်းခဲ့သည့် ယခုပွဲစဉ်ကို မေ ၁၇ ရက်(ယနေ့) ဒေသစံတော်ချိန် ည ၈ နာရီ (မြန်မာစံတော်ချိန် မေ ၁၈ ရက် နံနက် ၁ နာရီခွဲ) တွင် ပြန်လည်ယှဉ်ပြိုင် ကစားစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ယင်း ပွဲလက်မှတ် ဝယ်ယူထားသူများအားလုံးကို လက်မှတ်ဖိုး ပြန်အမ်းသွားမည်ဖြစ်ပြီး အခမဲ့ ဝင်ရောက် ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။