ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာအကြီးဆုံး မန်ယူအသင်းနဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းတို့ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာနဲ့ စပါးအသင်းတို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရချိန်ဖြစ်လို့ လက်စတာအသင်းနဲ့အပြိုင် အမှတ်လုရမှာပါ။ ချယ်လ်ဆီးအသင်းကတော့ ဘာမျှော်လင့်ချက်၊ ဘာဖိအားမှ မရှိတော့ပေမယ့် လန်ဒန်ပြိုင်ဘက် စပါးအသင်းကို ချန်ပီယံအဖြစ် မြင်တွေ့လိုခြင်း မရှိတာကြောင့် ဒီပွဲကို ခြေကုန်ထုတ် ကန်သွားမယ်လို့ ကြုံးဝါးထားပါတယ်။ ဒီပွဲတွေမှာ အောင်ပွဲခံနိုင်မှာက အစဉ်အလာကြီးတဲ့ အိမ်ရှင်တွေလား၊ ချန်ပီယံသစ်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ဧည့်သည်တွေလား ဆိုတာ .........။
■ ဝက်ဖို့ဒ် နှင့် အက်စတွန်ဗီလာ
(၃၀-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - ဗီလာ ၂-၃ ဝက်ဖို့ဒ်
ဝက်ဖို့ဒ် တန်းဆင်းဇုန်က လွတ်ပြီဆိုပေမယ့် ရာသီကုန်ပိုင်းမှာ ရလဒ်မကောင်းတာကြောင့် နည်းပြ ဆန်းချက်ဇ်ဖလောရက်စ် ဖိအားများနေတယ်။ ဗီလာကတော့ တန်းဆင်းပြီး အသင်းဖြစ်သလို၊ နောက်ဆုံး ၁၀ ပွဲဆက် အသင်းမရွေး၊ ကွင်းမရွေး ရှုံးနိမ့်ခဲ့ပါတယ်။ အိမ်ကွင်းလေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ဝက်ဖို့ဒ် နိုင်ပွဲ ပြန်ရှာတွေ့မယ့်ပွဲပါ။
■ အဲဗာတန် နှင့် ဘုန်းမောက်
(၃၀-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - ဘုန်းမောက် ၃-၃ အဲဗာတန်
အဲဗာတန်တိုက်စစ်မှာ လူကာကူ၊ ဘာကလေ၊ လန်နွန်၊ ဒယ်လိုဖူတို့ လူစုံကစားနိုင်လျက်နဲ့ အားလုံး တစ်ပြိုင်တည်း ခြေကျပြီး ရုန်းကန်နေရတာ အံ့အားသင့်စရာပါ။ ဒါပေမဲ့ ဘုန်းမောက်ကိုတော့ အဲဗာတန် တစ်ခါမှ မရှုံးဖူးပါဘူး။ ပြိုင်ပွဲစုံ ငါးပွဲ တွေ့ဆုံခဲ့ဖူးရာ လေးပွဲနိုင်ပြီး တစ်ပွဲသရေ ကျခဲ့ပါတယ်။ ဒီပွဲတော့ အဲဗာတန် သရေနဲ့ အနိုင်ပါ။
■ နယူးကာဆယ် နှင့် ခရစ္စတယ်ပဲလေ့စ်
(၃၀-၄-၂၀၁၆ စနေ ည ၈း၃၀ )
ပ-ကျော့ရလဒ် - ပဲလေ့စ် ၅-၁ နယူးကာဆယ်
မန်စီးတီး၊ လီဗာပူးလ်တို့ကို သရေခံကစားခဲ့တဲ့ နယူးကာဆယ်ရဲ့ ရုန်းကန်အားက အားရစရာကောင်းပါတယ်။ ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံး ၁၈ ပွဲမှာ တစ်ပွဲသာ အနိုင်ခဲ့တယ်။ ပဲလေ့စ်တန်းဆင်းဇုန်နဲ့ မလွတ်သေးပေမယ့် ဖိအားနည်းတာကြောင့် အလန်ပါဂျူးရဲ့ အသင်းဟောင်း နယူးကာဆယ်ကိုပဲ ရွေးချယ်ချင်ပါတယ်။
■ စတုတ်စီးတီး နှင့် ဆန်းဒါးလန်း
(၃၀-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - ဆန်းဒါးလန်း ၂-၀ စတုတ်စီးတီး
နောက်ဆုံးသုံးပွဲဆက် တစ်ပွဲလေးဂိုးနှုန်း ပေးခဲ့ရတဲ့ စတုတ်စီးတီး ခံစစ်က စိတ်ပျက်စရာပါ။ ဆန်းဒါးလန်းကတော့ တန်းဆင်းဇုန် ကလွတ်ဖို့ အစွမ်းကုန် ရုန်းကန်နေပြီး နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲပဲရှုံးခဲ့တယ်။ စတုတ်စီးတီးနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ကိုးပွဲမှာလည်း ဆန်းဒါးလန်း တစ်ပွဲသာရှုံးပြီး ငါးပွဲအထိ အနိုင်ရခဲ့တယ်။ ဆန်းဒါးလန်းကိုပဲကြိုက်တယ်။
■ ဝက်စ်ဘရွန်း နှင့် ဝက်စ်ဟမ်း
(၃၀-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - ဝက်စ်ဟမ်း ၁-၁ ဝက်စ်ဘရွန်း
လူစုံသွားတဲ့ ဝက်စ်ဟမ်း လူစာရင်းကို လိုသလို အလှည့်အပြောင်း လုပ်လို့ရသွားပြီ။ ဝက်စ်ဟမ်း တိုက်စစ်က တစ်ပွဲအနိမ့်ဆုံး နှစ်ဂိုး လွယ်လွယ်သွင်းနေပေမယ့် ခံစစ်ပိုင်း အားနည်းချက်ကြောင့် နောက်ဆုံးငါးပွဲမှာ တစ်ပွဲပဲနိုင်ခဲ့တယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းက ပုံမှန် ဂိုးသွင်းခြေ မရှိသလို၊ နိုင်ပွဲပျောက်နေတာလည်း ကြာပြီ။ ဝက်စ်ဟမ်း ကပ်နိုင်သွားမှာပါ။
■ အာဆင်နယ် နှင့် နောဝစ်ချ်
(၃၀-၄-၂၀၁၆ စနေ ည ၁၁း၀၀)
ပ-ကျော့ရလဒ် - နောဝစ်ချ် ၁-၁ အာဆင်နယ်
အာဆင်နယ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့် စိုးရိမ်လာရသလို၊ တန်းဆင်းဇုန်က နောဝစ်ချ်အတွက်လည်း သေရေးရှင်ရေး ဖြစ်လာပါတယ်။ ဒါပေမဲ့ နောဝစ်ချ်က ရုန်းကန်အားနည်းပြီး အာဆင်နယ်ကွင်းမှာဆိုရင်လည်း ဂိုးပြတ်ရှုံးလေ့ရှိပါတယ်။ ရှေ့မှာ မန်စီးတီးနဲ့ ပွဲကျပ်ကစားရဖို့ရှိတဲ့ အာဆင်နယ် ဒီပွဲမှာ ဂိုးပြတ်နိုင်ပွဲ ရှာဖို့ရှိပါတယ်။
■ ဆွမ်ဆီး နှင့် လီဗာပူးလ်
(၁-၅-၂၀၁၆ တနင်္ဂနွေ ည ၅း၃၀)
ပ-ကျော့ရလဒ် - လီဗာပူးလ် ၁-၀ ဆွမ်ဆီး
လီဗာပူးလ် တောက်လျှောက် ပွဲဆက် အများကြီး ကစားနေရတာကြောင့် ယူရိုပါလိဂ်ကြားက ပရီးမီးယားလိဂ်ပွဲကို လူငယ်တွေနဲ့ ပွဲထုတ်နေရတယ်။ ဆွမ်ဆီးက အိမ်ကွင်း မာကျောတဲ့ အသင်းဖြစ်သလို၊ အိမ်ကွင်းမှာ အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဘက်ကို အာရုံပိုရောက်နေနိုင်တဲ့ လီဗာပူးလ် သရေလောက်ပဲရမယ်။
■ မန်ယူ နှင့် လက်စတာ
(၁-၅-၂၀၁၆ တနင်္ဂနွေ ည ရး၃၅)
ပ-ကျော့ရလဒ် - လက်စတာ ၁-၁ မန်ယူ
မန်ယူခံစစ် ထိန်းချုပ်ရ ခက်ခဲလေ့ရှိတဲ့ ဗာဒီ ပွဲပယ်ခံထားရတာက လက်စတာကို အထိနာစေပါတယ်။ မန်ယူအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းခံစစ်အကောင်းဆုံး အသင်းဖြစ်သလို၊ အိမ်ကွင်း နောက်ဆုံး ခြောက်ပွဲမှာ Clean sheet ငါးပွဲရခဲ့တဲ့အသင်းပါ။ အပြိုင်အဆိုင် အမှတ်လုကြမှာဖြစ်ပြီး မန်ယူဘက်က အလေးသာပါတယ်။
■ ဆောက်သမ်တန် နှင့် မန်စီးတီး
(၁-၅-၁၆ တနင်္ဂနွေ ည ၁၀း၃၀)
ပ-ကျော့ရလဒ် - မန်စီးတီး ၃-၁ ဆောက်သမ်တန်
ဆောက်သမ်တန်မှာ ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိသေးတာကြောင့် မန်စီးတီးကို အခက် တွေ့စေနိုင်ပါတယ်။ မန်စီးတီးကတော့ ချန်ပီယံလိဂ်တစ်ဖက်၊ ချန်ပီယံလိဂ်ဝင်ခွင့်တစ်ဖက်နဲ့ ဗျာများရမယ့် ရက်သတ္တပတ်ပါ။ ဒဏ်ရာရလွယ်တဲ့ အဓိက ကစားသမားတွေကို မန်စီးတီး အနားပေးရဖို့ ရှိတာကြောင့် ဆောက်သမ်တန်ကို ပိုကြိုက်ပါတယ်။
■ ချယ်လ်ဆီး နှင့် စပါး
(၃-၅-၂၀၁၆ အင်္ဂါ နံနက် ၁း၃၀)
ပ-ကျော့ရလဒ် - စပါး ဝ-၀ ချယ်လ်ဆီး
စပါးက လက်ရှိခြေစွမ်းအရ ပိုကောင်းတဲ့အသင်း ဖြစ်ပေမယ့် အယ်လီ ပွဲပယ်ခံထားရတာကြောင့် စုဖွဲ့မှု ပျက်သွားနိုင်တယ်။ စတမ်းဖို့ဒ်ဘရစ်ချ်က စပါး ရုန်းကန်ရလေ့ရှိတဲ့ ကွင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကလည်း လန်ဒန် ဒါဘီပြိုင်ဘက် စပါးအသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးဖို့ စိတ်အား ထက်သန်နေတယ်။ ချယ်လ်ဆီးကိုပဲ ရွေးလိုက်တယ်။
အစဉ်အလာအကြီးဆုံး မန်ယူနဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးတို့ ဦးဆောင်သူ လက်စတာနဲ့ စပါးတို့ကို ဧည့်ခံရမယ့် ရက်သတ္တပတ်