လာမည့်ရာသီတွင် မိမိ မန်ယူအသင်း နည်းပြဖြစ်မည်ဟု မိတ်ဆွေများအား မော်ရင်ဟို ထုတ်ဖော်ပြောကြား

လာမည့်ရာသီတွင် မိမိ မန်ယူအသင်း နည်းပြဖြစ်မည်ဟု မိတ်ဆွေများအား မော်ရင်ဟို ထုတ်ဖော်ပြောကြား
Published 19 April 2016

လက်ရှိအချိန်တွင် အသင်းလက်မဲ့ ဖြစ်နေသည့် ချယ်လ်ဆီးနှင့် ရီးယဲလ်အသင်း နည်းပြဟောင်း မော်ရင်ဟိုက မိမိအနေဖြင့် လာမည့်ရာသီတွင် မန်ယူအသင်း နည်းပြသစ် ဖြစ်လာရန် ယုံကြည်မှု ရှိသည်ဟု မိတ်ဆွေများအား ပြောကြားခဲ့ကြောင်း သိရသည်။မော်ရင်ဟိုသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီး ကတည်းက မန်ယူအသင်း နည်းပြဖြစ်လာရန် ရေပန်းစားနေပြီး လွန်ခဲ့သည့် နှစ်လခန့်ကလည်း ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နျင့် အိုးလ်ထရက်ဖို့ဒ် တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် ယင်းသတင်းများကို နှစ်ဖက်စလုံးက အတည်ပြုခဲ့ခြင်း မရှိသော်လည်း မော်ရင်ဟိုက မိမိအနေဖြင့် နွေရာသီတွင် မန်ယူအသင်း နည်းပြအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု ၎င်း၏ မိတ်ဆွေများအား ပြောကြားခဲ့ကြောင်း မန်ချက်စတာအခြေစိုက် Manchester Evening News အားကစား သတင်းစာက ဧပြီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။ထို့ပြင် Sunday People သတင်းဌာနကလည်း မော်ရင်ဟိုသည် မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း သုံးနှစ်စာချုပ်ဖြင့် ကိုင်တွယ်ရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားကြောင်း ဖော်ပြခဲ့သည်။ မော်ရင်ဟို အနေဖြင့် မန်ယူအသင်းကို ကိုင်တွယ်ဖြစ်ပါက ပထမဆုံး ခေါ်ယူမှုအဖြစ် နာပိုလီအသင်း၏ အာဂျင်တီးနား တိုက်စစ်မှူး ဟီဂွါအင်ကို ပေါင် သန်း ၇၀ ဖြင့် ခေါ်ယူသွားရန် စီစဉ်ထားပြီး ဘင်ဖီကာ အသင်း၏ လူငယ်ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကိုလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ မော်ရင်ဟိုက လာမည့် နွေရာသီတွင် နည်းပြလောကသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိပြီး မိမိကိုင်တွယ်မည့် ကလပ်အသင်းကို ရွေးချယ် ဆုံးဖြတ်သွားမည်ဟု အတည်ပြု ပြောကြားထားသလို မန်ယူ အသင်းနည်းပြ ဗန်ဟားလ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်လျှင် ရာထူး၌ ဆက်ရှိရန် မသေချာဟု ဝန်ခံထားသည်။