မြန်မာ့လက်ရွေးစင်အသင်း လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲကစားရန် စီစဉ် မလေးရှားအသင်းနှင့် ခြေစမ်းရန် သဘောတူညီမှု ရရှိခဲ့ပြီး မေ ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားမည်

မြန်မာ့လက်ရွေးစင်အသင်း လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲကစားရန် စီစဉ် မလေးရှားအသင်းနှင့် ခြေစမ်းရန် သဘောတူညီမှု ရရှိခဲ့ပြီး မေ ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားမည်
Published 18 April 2016

မြန်မာ့လက်ရွေးစင် အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မလေးရှား လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားရန် မလေးရှား ဘောလုံးအဖွဲ့ချုပ် (FAM) နှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။မြန်မာ့လက်ရွေးစင် အသင်းနှင့် မလေးရှား လက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် မေ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ယင်းပွဲကို မူလက မေ ၃၁ ရက်တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း မလေးရှား အသင်းမှာ အာရှဖလားခြေစစ်ပွဲ Play-off ကစားရန် ရှိသောကြောင့် မေ ၂၈ ရက်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (FAM)သည် ယင်းခြေစမ်းပွဲ အတွက် အာဆီယံနှင့် အာရှဒေသတွင်းမှ အသင်းများစွာကို ဖိတ်ကြားခဲ့သော်လည်း အဆင်မပြေခဲ့ဘဲ နောက်ဆုံးတွင် မလေးရှား လက်ရွေးစင် အသင်းနှင့်  သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ မလေးရှားဘောလုံး အဖွဲ့ချုပ်သည် ပြီးခဲ့သည့် မတ်လ အတွင်းက မြန်မာ့လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားရန် ကမ်းလှမ်းခဲ့သော်လည်း မြန်မာ့လက်ရွေးစင် အသင်းမှာ ကစားသမား စုံလင်ခြင်း မရှိသောကြောင့် ပျက်ပြယ်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး ဧပြီ ၃၀ ရက်တွင် MNL နိုင်ငံခြားသားများ ညွန့်ပေါင်းအသင်း၊ မေ ၂၈ ရက်တွင် မလေးရှား လက်ရွေးစင် အသင်းတို့နှင့် ခြေစမ်းမည်ဖြစ်သလို ဇွန်လဆန်းပိုင်းတွင် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။မြန်မာ့လက်ရွေးစင် အသင်းနှင့် မလေးရှား လက်ရွေးစင် အသင်းတို့သည် ပြီးခဲ့သည့် ၂၀၁၄ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ဂိုးမရှိ သရေကျခဲ့သည်။ မြန်မာနှင့် မလေးရှား အသင်းတို့မှာ ယခင်က ခြေစမ်းပွဲများ ကစားခဲ့ဖူးသော်လည်း ၂၀၁၅ ခုနှစ်အတွင်း တွေ့ဆုံခဲ့ခြင်း မရှိပေ။