ဒုတိယအကျော့ သွင်းဂိုးများဖြင့် ရီးယဲလ်နှင့် မန်စီးတီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်

ဒုတိယအကျော့ သွင်းဂိုးများဖြင့် ရီးယဲလ်နှင့် မန်စီးတီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်
Published 13 April 2016

ရီးယဲလ် 3-0 ဝုလ်ဖ်ဘတ် (ပွဲပြီး သုံးသပ်ချက်)ရီးယဲလ်မက်ဒရစ်အသင်းက စီရော်နယ်လ်ဒိုရဲ့ ဟက်ထရစ် နဲ့ အတူ ဝုလ်ဖ်ဘတ်အသင်းကို ကျော်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက (2013-14)ရာသီတုန်းက ချန်ပီယံလိဂ်မှာ (17)ဂိုးသွင်းပြီး တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး စံချိန်တင်ခဲ့သလို၊ ဒီရာသီမှာလည်း သူ့စံချိန်သူချိုးဖို့ (15)ဂိုးဆိုတဲ့အရေအတွက်အထိ ရောက်ရှိလာခဲ့ပါတယ်။ ပွဲစကတည်းက တိုက်စစ်ကို အရှိန်မြှင့်ခဲ့ပြီး ဝုလ်ဖ်ဘတ်အသင်းကို အခွင့်အရေးမပေးဘဲ၊ ပြန်လည် တုန့်ပြန်မခံဘဲ စိတ်ကြိုက်ဖိကစားခဲ့ပါတယ်။စီရော်နယ်လ်ဒိုက (13၊ 15)မိနစ်တွေမှာ ပထမအကျော့က ရှုံးထားတဲ့ အရေအတွက်အတိုင်း ဂိုးနှစ်ဂိုး ပြန်သွင်းပြီးတဲ့နောက် ရီးယဲလ်စိတ်ရှည်ထားကစားခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ လိုအပ်နေတဲ့အနိုင်ဂိုးကို ရရှိခဲ့တာပါ။ ဒီဂိုးကိုတော့ စီရော်နယ်လ်ဒိုကပဲ ဖရီးကစ်ကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးတွေကြောင့် စီရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက (125)ပွဲမှာ (93)ဂိုးအထိ ရှိလာခဲ့ပြီး၊ အနီးဆုံးပြိုင်ဘက်မက်ဆီကို (10)ဂိုးအထိ အသာရခဲ့ပြီဖြစ်ပါတယ်။ ရီးယဲလ်အတွက် ချီးကျူးရမယ့် အခြားကစားသမားတစ်ဦးက မိုဒရစ် ဖြစ်ပြီး ကွင်းလယ်ကို အကောင်းဆုံးထိန်းချုပ်ပြီး ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ ဘာစီလိုနာကို နိုင်ခဲ့တုန်းကလိုပဲ ကာဗာဟယ်လ်နဲ့ မာဆယ်လိုတို့ရဲ့ ခံစစ်တောင်ပံတွေကလည်း အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီး (6) ရာသီဆက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။မန်စီးတီး 1-0 PSG (ပွဲပြီးသုံးသပ်ချက်)လောရင့်ဘလန့်က မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ရဲ့ ဧည့်သည်ကလပ်လို့ လှောင်ခဲ့ပေမယ့် မန်စီးတီးအသင်းက ခြေစွမ်းကောင်း၊ ရလဒ်ကောင်းနဲ့အတူ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အဆင့်ကိုတက်ရောက်သွားခဲ့ပါပြီ။ မန်စီးတီးအသင်းရဲ့ စိတ်ဓာတ်နဲ့ လုပ်အားနှုန်းကို ဒီနေရာနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ PSG အသင်းဟာ မန်စီးတီးအသင်းရဲ့ Final Third Zone မှာ ဘာဆိုဘာမှ လုပ်လို့မရအောင် မန်စီးတီးကစားပုံကောင်းခဲ့ပါတယ်။ ဂိုးသမား ဂျိုးဟတ်က အီဘရာဟီမိုဗစ်ရဲ့ ဖရီးကစ်ကန်ချက်နှစ်ကြိမ်ကို ပုံစံကောင်းပြပြီးကာကွယ်နိုင်ခဲ့တာကြောင့်လည်း အခုလို ပေးဂိုးမရှိနိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာပါ။မန်စီးတီးရဲ့ ခံစစ်က ဝေဖန်စရာတွေ ရှိခဲ့ဖူးပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ ဖာနန်ဒို-ဖာနန်ဒင်ဟိုအတွဲရဲ့ စွမ်းဆောင်ရည်နဲ့အတူ ခိုင်ခန့်ပြီး ကျစ်လျစ်ခဲ့ပါတယ်။ ဥရောပရဲ့ အဆင့် (4) အသင်းလို ဖြစ်နေတဲ့ PSG ကို ကျော်ဖြတ်နိုင်ခဲ့တဲ့နေရာမှာ ပထမအကျော့ရော၊ ဒုတိယအကျော့မှာပါ ဒီအတွဲက ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ချီးကျူးရမှာတော့ ဒီဘရိုင်းပါပဲ။ သူပြန်လာကတည်းက မန်စီးတီးအသင်းရဲ့ ခြေစွမ်း၊ ရလဒ်၊ စိတ်ဓာတ်၊ ကစားပုံ တက်လာတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ထူးခြားမှုဖြစ်ပါတယ်။ ဒီပွဲမှာလည်း မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် (76) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ပွဲရလဒ် (ချန်ပီယံလိဂ်)ရီးယဲလ်မက်ဒရစ် 3 (စီရော်နယ်လ်ဒို 13၊ 15၊ 77)ဝုလ်ဖ်ဘတ် 0(နှစ်ကျော့ပေါင်း ရလဒ် (3-2) ဂိုးဖြင့် ရီးယဲလ် ဆီမီးဖိုင်နယ်တက်)မန်စီးတီး 1 (ဒီဘရိုင်း 76)PSG 0(နှစ်ကျော့ပေါင်း ရလဒ် (3-2) ဂိုးဖြင့် မန်စီးတီး ဆီမီးဖိုင်နယ်တက်)