အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့ရှိ MGM Grand Garden Arena ကွင်းတွင် ကျင်းပခဲ့သည့် လက်ဝှေ့ပွဲစဉ်တွင် နာမည်ကျော် ဖိလစ်ပိုင်လက်ဝှေ့သမား မန်နီပတ်ကီယောင်း က တီမိုသီဘရက်ဒလေကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပတ်ကီယောင်းသည် ယင်းပွဲတွင် အမှတ်ပေး ဒိုင် (၃) ဦးစလုံး၏ အနိုင်ပေးခြင်းကို ခံခဲ့ရပြီး (၃) ဦးစလုံးက (၁၁၆-၁၁၂) မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။ အသက်(၃၇)နှစ်အရွယ်ရှိ မတူခြားနားသည့် အတန်း (၈) တန်းတွင် ရွှေခါးပတ် ပိုင်ရှင်ဖြစ်ခဲ့သော ပတ်ကီယောင်းသည် အမေရိကန် ရှုံးပွဲမရှိ လက်ဝှေ့ချန်ပီယံ မေဝယ်လ်သာကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ထိုးသတ်သည့် ပွဲတွင် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ပတ်ကီယောင်းသည် ကစားသမားဘ၀ (၂၁) နှစ်တာကာလအတွင်း ပွဲပေါင်း (၆၆) ပွဲထိုးသတ်ခဲ့ပြီး ယခုပွဲအပါအဝင် (၅၈) ပွဲ နိုင်၊ (၂) ပွဲ သရေ၊ (၆) ပွဲ ရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားသည်။ နိုင်ပွဲ (၅၈) ပွဲတွင် အလဲထိုးပွဲမှာ (၃၈) ပွဲ ရှိခဲ့သည်။ ပတ်ကီယောင်းသည် ယခုပွဲစဉ် အနိုင်ရရှိပြီးနောက် ကစားသမားဘ၀ စုစုပေါင်း ဝင်ငွေမှာ ဒေါ်လာသန်း (၅၀၀) အထိ ရှိလာခဲ့ပြီဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
ပွဲအပြီးတွင် ဂျာနယ်လစ်များက ပတ်ကီယောင်း အနားယူမည့်ကိစ္စနှင့် ပတ်သတ်ပြီး မေးမြန်းခဲ့ကြရာ ပတ်ကီယောင်းက " ကျွန်တော့်မိသားစုအတွက် အချိန်ပေးဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်။ ဒါကြောင့် ကစားသမားဘဝကနေ အနားယူဖို့ ဒီညပဲ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ကျွန်တော့်အတွက် ကျေနပ်စရာဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် လူတွေကို ပိုကူညီမယ်။ လူမှုရေးလုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက်သွားမယ်။ ကျွန်တော့ အနာဂတ်ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးသမားကောင်း တစ်ဦးဖြစ်အောင်လည်း အချိန်ပေးနိုင်တော့မှာပါ" ဟုဖြေကြားခဲ့သည်။
ထို့အပြင် ပတ်ကီယောင်းသည် ပြိုင်ဘက်ဖြစ်သူ တီမိုသီဘရက်ဒလေကိုလည်း ချီးကျူးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။