ပရီးမီးယားလိဂ်မှာ ကြီး ၆ ကြီးအသင်းတွေအဖြစ် သတ်မှတ်ထားတာက မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ စပါးအသင်းတို့ ဖြစ်ပါတယ်။ ဒီရာသီ ကြီး ၆ ကြီး အသင်းချင်း တွေ့ဆုံမှုတွေမှာ မန်ယူအသင်းက ၁၈ မှတ်အထိရခဲ့ပြီး အသင်းကြီးချင်း တွေ့ဆုံမှုတွေမှာ ရလဒ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒီတစ်ပတ်မှာတော့ မန်ယူအသင်းက ကြီး ၆ ကြီး စာရင်းဝင် စပါးအသင်းရဲ့ အိမ်ကွင်း ဝှိုက်ဟတ်လိန်းမှာ ကစားရမှာပါ။ ပထမအကျော့တုန်းကလည်း မန်ယူအသင်းက အိုးလ်ထရက်ဖို့ဒ်မှာ စပါးအသင်းကို အနိုင်ရခဲ့ပါတယ်။ အသင်းကြီးချင်းတွေ့ရင် ခြေစွမ်းပြတတ်တဲ့ မန်ယူ ဝှိုက်ဟတ်လိန်းမှာ အောင်ပွဲခံနိုင်ဦးမလားဆိုတာ . . .။
■ ဝက်စ်ဟမ်း နှင့် အာဆင်နယ်
(၉-၄-၂၀၁၆ စနေ ည ၆း၁၅)
ပ-ကျော့ရလဒ် - အာဆင်နယ် ဝ-၂ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းနည်းပြ ဘီလစ်က အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၁၃ ပွဲဆက် ရှုံးပွဲမရှိ ကစားထားတာကိုတောင် သတိမထားမိဘူးလို့ ပြောပါတယ်။ ဝက်စ်ဟမ်းကစားပုံက အသင်းကြီးတွေနဲ့တွေ့ရင် ပိုကောင်းတတ်ပြီး အာဆင်နယ်ကိုလည်း ပထမအကျော့ အဝေးကွင်းမှာ အနိုင် ကစားထားပါတယ်။ အာဆင်နယ် သရေလောက်ပဲရမယ်။
■ အက်စတွန်ဗီလာနှင့် ဘုန်းမောက်
(၉-၄-၂၀၁၆ စနေည ၈း၃၀)
ပ-ကျော့ရလဒ် - ဘုန်းမောက် ဝ-၁ ဗီလာ
အက်စတွန်ဗီလာ နောက်ဆုံး ခုနစ်ပွဲ ဆက်ရှုံးခဲ့သလို၊ တန်းဆင်းဖို့လည်း သေချာ သလောက် ဖြစ်နေပါပြီ။ ဘုန်းမောက်လည်း နှစ်ပွဲဆက် ဂိုးပြတ်ရှုံးခဲ့ပေမယ့် စပါး၊ မန်စီးတီးတို့လို ထိပ်တန်းအသင်းတွေနဲ့ ကစားခဲ့ရလို့ပါ။ ဘုန်းမောက်တိုက်စစ်မှာ အဖိုဘီ ဒဏ်ရာရနေလို့ ဂိုးရဖို့ ရုန်းကန်ရနိုင်ပေမယ့် ဘုန်းမောက်ပဲ ကပ်နိုင်သွားဖို့ များပါတယ်။
■ ဆွမ်ဆီးနှင့် ချယ်လ်ဆီး
(၉-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - ချယ်လ်ဆီး ၂-၂ ဆွမ်ဆီး
ဆွမ်းဆီးအသင်းမှာ ဆီဂတ်ဒ်ဆန် ဂိုးတွေ ခပ်စိပ်စိပ်သွင်းနေပြီး အန်ဒရေအာယူးလည်း ပြန်ကစားနိုင်ခြေရှိလို့ ဆွမ်ဆီး ပိုမိုမာကျောလာနိုင်ပါတယ်။ ချယ်လ်ဆီးကလည်း တိုက်စစ်မှာ ဒီယေဂိုကော်စတာ ပွဲပယ်ခံထားရပေမယ့် ဆွမ်ဆီးကို ပရီးမီးယားလိဂ်မှာ မရှုံးဖူးတဲ့ အစဉ်အလာကို ဆက်ထိန်းဖို့ ကြိုးပမ်းမှာပါ။ သရေကျဖို့များပါတယ်။
■ ဝက်ဖို့ဒ်နှင့် အဲဗာတန်
(၉-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - အဲဗာတန် ၂-၂ ဝက်ဖို့ဒ်
ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဇ်ဖလောရက်စ်က ရုန်းကန်နေရတဲ့ အီဂါလို၊ ဒီးနီ တိုက်စစ်အတွဲကို ပံ့ပိုးဖို့ ကွင်းလယ်ကို အပြောင်းအလဲ လုပ်နေပေမယ့် ထူးခြားမလာဘူး။ ဝက်ဖို့ဒ်ထက် တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အဲဗာတန်လည်း ပုံမှန်ခြေစွမ်း မရှိပါဘူး။ ဒါပေမဲ့ အစဉ်အလာပိုင်းသာတဲ့ အဲဗာတန်ကို ပိုကြိုက်ပါတယ်။
■ ဆောက်သမ်တန်နှင့် နယူးကာဆယ်
(၉-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ - နယူးကာဆယ် ၂-၂ ဆောက်သမ်တန်
နယူးကာဆယ်ကို ဘင်နီတက်ဇ် ဆွဲတင်ဖို့ ခက်နေတယ်။ အသင်းမှာ နေရာအလိုက် ကစားသမားကောင်းတွေ ရှိပေမယ့် စုစည်းမှု အားနည်းတယ်။ အဝေးကွင်းမှာ နောက်ဆုံး ရှစ်ပွဲဆက် ရှုံးထားတယ်။ ဆောက်သမ်တန်က နယူးကာဆယ်နဲ့ကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ခုနစ်ပွဲမှာ အနိမ့်ဆုံးနှစ်ဂိုးသွင်းတာ ခြောက်ပွဲရှိတယ်။ ဆောက်သမ်တန်ကိုပဲ ရွေးရမယ်။
■ ခရစ္စတယ်ပဲလေ့စ် နှင့် နောဝစ်ချ်
(၉-၄-၂၀၁၆ စနေ ည ၈း၃၀)
ပ-ကျော့ရလဒ် - နောဝစ်ချ် ၁-၃ ပဲလေ့စ်
တန်းဆင်းဇုန်ပေါ် မေးတင်နေတဲ့ ကပ်လျက်အသင်းတွေ ဖြစ်တာကြောင့် နှစ်သင်းစလုံး အမှတ်လိုနေတယ်။ နောဝစ်ချ် အဝေးကွင်း အားနည်းပေမယ့် ပဲလေ့စ်ကလည်း အိမ်ကွင်းမှာ ခြောက်ပွဲဆက် ရှုံးထားတယ်။ အစဉ်အလာအရတော့ ပဲလေ့စ်ကွင်း လိဂ်ပွဲတွေမှာ နောဝစ်ချ် ၁၄ ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ အမှတ်ခွဲယူဖို့ များပါတယ်။
■ မန်စီးတီး နှင့် ဝက်စ်ဘရွန်း
(၉-၄-၂၀၁၆ စနေ ည ၁၁း၀၀)
ပ-ကျော့ရလဒ် - ဝက်စ်ဘရွန်း ဝ-၃ မန်စီးတီး
ကွန်ပနီ၊ ယာယာတိုရေး၊ စတာလင်တို့လို အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် ဒီဘရိုင်း ပြန်ကစားနိုင်တဲ့နောက်ပိုင်းမှာ အဂွဲရိုး ကစားပေါက်ချောင်ပြီး မန်စီးတီးတိုက်စစ် ဂိုးပြန်မြူးလာတယ်။ ဝက်စ်ဘရွန်းက မန်စီးတီးအတွက် လွယ်ကူတဲ့ ပြိုင်ဘက်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရှစ်ပွဲဆက် အနိုင်ရထားပါတယ်။ မန်စီးတီး ဂိုးပြတ်နိုင်ဖို့ များတယ်။
■ ဆန်းဒါးလန်း နှင့် လက်စတာ
(၁၀-၄-၂၀၁၆ တနင်္ဂနွေ ည ရး၀၀)
ပ-ကျော့ရလဒ် - လက်စတာ ၄-၂ ဆန်းဒါးလန်း
ခံစစ်နဲ့ စိတ်ဓာတ်ပိုင်း အားနည်းမှုကို ဆန်းဒါးလန်းအသင်းမှာ မြင်တွေ့နေရတယ်။ နောက်ဆုံးလေးပွဲမှာ ဦးဆောင်ဂိုးရတာ သုံးပွဲရှိခဲ့ပေမယ့် တစ်ပွဲမှအနိုင်မရဘဲ သရေချည်းကျခဲ့လို့ အဖိုးတန်ခြောက်မှတ် ဆုံးရှုံးခဲ့တယ်။ လက်စတာကတော့ ၁-၀ အနိုင်ရလဒ်တွေနဲ့ ချန်ပီယံအိပ်မက်ကို ထုဆစ်နေတယ်။ စိတ်ဓာတ်မာကျောတဲ့ လက်စတာပဲ နိုင်မှာပါ။
■ စပါး နှင့် မန်ယူ
(၁၀-၄-၂၀၁၆ တနင်္ဂနွေ ည ၉း၃၀)
ပ-ကျော့ရလဒ် - မန်ယူ ၁-၀ စပါး
အဂွဲရိုး၊ လူကာကူတို့လို ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်တွေကို နှစ်ပွဲဆက် ထိန်းချုပ်ပြခဲ့တဲ့ မန်ယူခံစစ်ကို ထပ်မံစမ်းသပ်မယ့်ပွဲပါ။ ဟာရီကိန်း ဦးဆောင်တဲ့ စပါးတိုက်စစ်က ရှေ့နှစ်ပွဲထက် မန်ယူခံစစ်ကို ပိုမို အလုပ်ပေးနိုင်ပါတယ်။ ဝှိုက်ဟတ်လိန်းမှာ မန်ယူ နောက်ဆုံး ၁၄ ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ရှစ်ပွဲနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ သရေလောက်ပဲရမှာပါ။
■ လီဗာပူးလ် နှင့် စတုတ်စီးတီး
(၁၀-၄-၂၀၁၆ တနင်္ဂနွေ ည ၉း၃၀)
ပ-ကျော့ရလဒ် - စတုတ်စီးတီး ဝ-၁ လီဗာပူးလ်
ယူရိုပါလိဂ်ပွဲအပြီး ကစားတဲ့ ပွဲစဉ်တွေမှာ လီဗာပူးလ် အနိုင်ရဖို့ ရုန်းကန်ရတတ်တာ သတိထားမိတယ်။ ဒါပေမဲ့ စတုတ်စီးတီးက အန်ဖီးလ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၃၇ ပွဲထဲက တစ်ပွဲကိုသာ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ် ခံစစ်ပိုင်း စိတ်မချရချိန်မှာ စတုတ်စီးတီး ဂိုးသွင်းအားရှိတာကြောင့် အပြန်အလှန်ဂိုးသွင်းနိုင်ပြီး လီဗာပူးလ် အနိုင်ရသွားမှာပါ။
ကြီး ၆ ကြီး အသင်းချင်း ထိပ်တိုက် တွေ့ဆုံမှုတွေမှာ ရလဒ်အကောင်းဆုံး မန်ယူ ဝှိုက်ဟတ်လိန်းမှာ အောင်ပွဲခံနိုင်ဦးမလား