မြေနီကုန်း City Mart မြေညီထပ်၌ ဖွင့်ထားသည့် ဆိုင်တစ်ဆိုင်တွင် ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားပြီး ဆိုင်အလုပ်သမားလေးဦး ဒဏ်ရာရရှိ

မြေနီကုန်း City Mart မြေညီထပ်၌ ဖွင့်ထားသည့် ဆိုင်တစ်ဆိုင်တွင် ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားပြီး ဆိုင်အလုပ်သမားလေးဦး ဒဏ်ရာရရှိ
Published 10 March 2016
အောင်ထက်ခိုင်

မြေနီကုန်း၊ စမ်ချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ City Mart အတွင်း မြေညီထပ်၌ ဖွင့်ထားသည့် Happy cafe & Noodle ဆိုင်တွင် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ဖြစ်တာက နံနက် ၉ နာရီကျော်လောက်မှာ ဖြစ်တာပါ၊ City Mart အောက်မှာဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာပါ၊ ဂတ်စ်အိုးလဲှနေရင်း ခေါင်းပြုတ်ထွက်ပြီး မီးနဲ့ထိပီး ထပေါက်တာပါ၊ မီးလောင်မှုတော့ မဖြစ်သွားပါဘူး၊ ဂတ်စ်အိုးတွေ အသုံးပြုမယ်ဆိုရင်တော့ သေသေချာချာ ဂရုစိုက်ပြီး သုံးဖို့လိုပါတယ်၊ ပေါ့ဆလို့ မရပါဘူး ” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိတစ်ဦး ကပြောသည်။ဂတ်စ်အိုးပေါက်ရသည့် အကြောင်းအရင်းမှာ ဆိုင်ကောင်တာ အနီးတွင်ထားရှိသည့် အရှည်လေးပေခန့်ရှိ ဂတ်စ်အိုးအား လှဲလယ်နေစဉ် ဂတ်စ်အိုးအဟောင်းမှ ခေါင်းပြုတ်ထွက်ကာ ဂတ်စ်အိုး ယိုစိမ့်ပြီး မီးဖိုမီးနှင့် ထိတွေ့ရမှ ပေါက်ကွဲခဲ့ကြောင်း၊ မှန်များ ကာရံထားသည့် အခန်းဖြစ်သောကြောင့် မှန်များကွဲသွားကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် Happy cafe & Noodle ကော်ဖီဆိုင်ရှိ အလုပ်သမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ မစိုးရိမ်ရကြောင်း၊ ဒဏ်ရာရှိခဲ့သူ လေးဦးအား ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးသို့ ရဲစာနှင့်တကွ ပို့ဆောင်ထားကြောင်း၊ ပေါက်ကွဲမှုကြောင့် အခြားပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း စမ်းချောင်မြို့နယ် မီးသတ်စခန်းမှ သိရသည်။                

Most Read

Most Recent