Dangon City စီမံကိန်းသည် လက်ရှိအစိုးရ လက်ထက်တွင် ခွင့်ပြုထားသည့် ပရောဂျက် ဖြစ်သည့်အတွက် မြေနေရာ အစားပြန်ပေးမှုကိုလည်း မတ် ၃၁ ရက်မတိုင်ခင် ကာလအတွင်း ပေးသွားမည်

Dangon City စီမံကိန်းသည် လက်ရှိအစိုးရ လက်ထက်တွင် ခွင့်ပြုထားသည့် ပရောဂျက် ဖြစ်သည့်အတွက် မြေနေရာ အစားပြန်ပေးမှုကိုလည်း မတ် ၃၁ ရက်မတိုင်ခင် ကာလအတွင်း ပေးသွားမည်
Published 29 February 2016
နီလာ

Dangon City စီမံကိန်းသည် လက်ရှိအစိုးရ လက်ထက်တွင် ခွင့်ပြုပေးထားသည့် ပရောဂျက် ဖြစ်သည့်အတွက် မြေနေရာ အစားပြန်ပေးမှုကိုလည်း လက်ရှိအစိုးရ သက်တမ်းမကုန်ခင်အတွင်း ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်က ရန်ကုန်မြို့ရှိ Inya Lake Hotel တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။“လောလောဆယ်မှာ Marga Land-mark ကိုပေးပြီးပါပြီ။ ကျန်တဲ့ ကုမ္ပဏီသုံးခုကို ဆက်လက်ပေးသွားမှာ ဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းမှာ ဆက်ပြီးခွင့်ပြုပေးသွားမယ်။ လက်ရှိအစိုးရအနေနဲ့ ဒီပရောဂျက်ကြီးကို လက်ရှိအစိုးရ လက်ထက်မှာ ခွင့်ပြုပေးခဲ့တာ ဖြစ်တဲ့အတွက် လက်ရှိအစိုးရ လက်ထက်မှာပဲ ကိစ္စအားလုံးကို ဖြေရှင်းသွားမှာဖြစ်ပြီး မတ် ၃၁ ရက် မတိုင်ခင် ကာလအတွင်း ပေးသွားမှာဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေဖြစ်သည့် ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းတွင် အဆောက်အအုံများနှင့် အိမ်ရာများ အပါအဝင် လုပ်ငန်းများစွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ကုမ္ပဏီများမှာ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတတ် အပါအဝင် Adventure Myanmar Tours and Incentives Co.,Ltd.၊ သုခရတနာ ကုမ္ပဏီလီမိတက်နှင့် Marga Landmark De- velopment Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ Dangon City စီမံကိန်း ရပ်ဆိုင်းလိုက်ရသည့် ကုမ္ပဏီများ နစ်နာမှုမရှိစေရန် အစားပြန်ပေးမည့် မြေများအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနပိုင်သည့် မြေမဟုတ်သော ကမ္ဘာအေးစေတီ လမ်းမကြီးပေါ်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပိုင် ယခင် ဘူမိဗေဒ ဦးစီးဌာနရုံး၏ မြေ ၁၇ ဧက၊ မင်းရဲကျော်စွာလမ်းနှင့် ခရေပင်လမ်းထောင့်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင်မြေ ၁၁ ဧကနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ကုန်သည်လမ်းပေါ်ရှိ မြန်မာ့မီးရထားရုံးချုပ် ဆောက်လုပ်ထားသည့် မြေသုံးဧကကို အစားထိုး လုပ်ကိုင်ခွင့်ပြုရန် လျာထားကြောင်း သိရသည်။ထို့ပြင် Dangon City စီမံကိန်းအတွက် အစားပြန်လည် ပေးအပ်မည့် မြေများကို လက်ရှိအချိန်တွင် ဝန်ကြီးဌာန အချင်းချင်းအကြား ညှိနှိုင်းနေဆဲဖြစ်ကာ မူလငှားရမ်းခ ပရီမီယံကြေးများကိုမူ လျှော့ချပေးသွားရန် မရှိကြောင်း သိရသည်။

Most Read

Most Recent