မြန်မာနိုင်ငံတွင် အလုံးစုံ ပါဝင်သည့် ငွေရေးကြေးရေးစနစ် တည်ဆောက်နိုင်ရန် နိုင်ငံပိုင်ဘဏ်များကို ပြုပြင်ပြောင်းလဲရန်လိုဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အကြံပြုချက်တွင် ဖော်ပြထား

မြန်မာနိုင်ငံတွင် အလုံးစုံ ပါဝင်သည့် ငွေရေးကြေးရေးစနစ် တည်ဆောက်နိုင်ရန် နိုင်ငံပိုင်ဘဏ်များကို ပြုပြင်ပြောင်းလဲရန်လိုဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ အကြံပြုချက်တွင် ဖော်ပြထား
Published 27 February 2016
နီလာ၊ သက်ထား၊ အေးမြတ်မွန်

မြန်မာနိုင်ငံတွင် အလုံးစုံပါဝင်သည့် ငွေရေးကြေးရေးစနစ် တည်ဆောက်နိုင်ရန် နိုင်ငံပိုင်ဘဏ်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ဟု ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အကြံပြုချက်တွင် ဖော်ပြထားကြောင်း သိရသည်။ကမ္ဘာ့ဘဏ်၏ “မြန်မာနိုင်ငံတွင် မျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှုကို ဖော်ဆောင်နိုင်မည့် မူဝါဒအကြံပြုချက်များ” တွင် ကဏ္ဍခြောက်ခုကို ဖော်ပြထားပြီး ယင်းအနက်မှ စီးပွားရေးနှင့် ပတ်သက်သည့် အကြံပြုချက်ကို ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး လုပ်ငန်းများအပေါ် ထိန်းချုပ်မှုများအပေါ် တစ်ဆင့်ချင်း လျှော့ချလာမှုကြောင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် စီးပွားရေး တိုးတက်မှု ဖြစ်ထွန်းလာရန် အလားအလာကောင်းများ ရှိနေကြောင်း ယင်းအကြံပြုချက်တွင် ဖော်ပြထားသည်။ သို့သော် စီးပွားရေး လုပ်ငန်းဆောင်ရွက်ခြင်း “Doing Business” အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အဆင့်ရပ်တည်မှုသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ မူဘောင်အပိုင်းတွင် ဆောင်ရွက်ရန် အများအပြား ရှိနေကြောင်း၊ ထို့ကြောင့် ထိရောက်က စွမ်းဆောင်ရည်မြင့်မားသော စီးပွားရေး ဥပဒေများကို ဖော်ဆောင်ရန် ကုန်သွယ်မှု မြန်ဆန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုမူဝါဒ တိုးတက်ရန် လုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။အလားတူ ငွေကြေးကဏ္ဍ အခြေခံ အဆောက်အအုံ ခေတ်မီတိုးတက်အောင် ပြုလုပ်ရန်၊ နိုင်ငံပိုင်ဘဏ်များကို ပြုပြင်ပြောင်းလဲရန်၊ ငွေရေးကြေးရေး ကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ တိုးတက်လာစေရန်၊ ဘဏ္ဍာရေးကဏ္ဍ၊ ဥပဒေရေးရာနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်ကို အားကောင်းစေရန် လုပ်ဆောင်သင့်ကြောင်းကို အကြံပြုထားကြောင်း သိရသည်။သို့မှသာ မြန်မာနိုင်ငံတွင် လူတိုင်းအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အဓိကအထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး ငွေရေးကြေးရေး စနစ်တစ်ခုကို အခြေခံကောင်းပေါ်တွင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ကမ္ဘာ့ဘဏ်မှ မူဝါဒရေးရာ အကြံပြုချက်များသည် ကဏ္ဍခြောက်ခုကို ဦးစားပေး ဆောင်ရွက်ရန် ဖော်ပြထားပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဟူသည့် လူမှုဝန်ဆောင်မှုများကို ရရှိရာတွင် ကွာဟချက်များကို လျှော့ချနိုင်ရန် ကျေးလက်ဆင်းရဲနွမ်းပါးမှုကို လျှော့ချပြီး စိုက်ပျိုးရေး၊ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်၊ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတစ်ခု ပေါ်ပေါက်လာစေရန်၊ လူတိုင်းလက်လှမ်း မီနိုင်သည့် ငွေရေးကြေးရေး စနစ်တစ်ခု ဖြစ်ထွန်းစေရန်၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိစေရန်နှင့် ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍကို မြှင့်တင်နိုင်ရန်တို့ဖြစ်သည်။အဆိုပါ ကဏ္ဍခြောက်ခုအပေါ် ကမ္ဘာ့ဘဏ်၏ မူဝါဒရေးရာ အကြံပြုချက် စာတမ်းများနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ အက်ဇဲဗန်ထရော့စင်းဘာ့ဂ်နှင့်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ဦးဝင်းမြင့်တို့က ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent