မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ပိုမိုရရေးအတွက် တရုတ်နိုင်ငံ၏ အရည်အသွေး စစ်ဆေးရေးရုံး CCIC ကို ရန်ကုန်မြို့တွင် ယခုလအတွင်း ဖွင့်လှစ်မည်

မြန်မာ့ဆန် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ပိုမိုရရေးအတွက် တရုတ်နိုင်ငံ၏ အရည်အသွေး စစ်ဆေးရေးရုံး CCIC ကို ရန်ကုန်မြို့တွင် ယခုလအတွင်း ဖွင့်လှစ်မည်
Published 26 February 2016
နီလာ

မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိရေးတွင် အရေးပါသည့် အရည်အသွေး စစ်ဆေးရေးရုံး CCIC ကို ယခုလအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
"CCIC ရုံးက အရင်တုန်းက သူတို့က မြန်မာပြည်မှာ ရုံးဖွင့်မယ် မဖွင့်ဘူးပေါ့။ အဲဒီလို ဖြစ်နေတာ။ အခုလောလောဆယ်မှာ နောက်နှစ်တွေမှာ Volume တက်လာမယ် ဆိုတာ တွေ့တဲ့အခါကျတော့  မြန်မာပြည် ဈေးကွက်က နောင်တစ်ချိန်မှာ တိုးတက်လာမယ်ဆိုတာ တွေ့တဲ့အတွက် အဲဒီအတွက် ဒီဖေဖော်ဝါရီလထဲမှာလာ ဆွေးနွေးသွားသေးတယ်။ အဆောက်အအုံလည်း ငှားဖို့လုပ်နေပါပြီ။ ကျွန်တော်ထင်ပါတယ်။ ဒီတစ်လ အတွင်းမှာ သူတို့ရုံးခန်းဖွင့် ပါလိမ့်မယ်။ ပထမတော့ MAPCO ကနေ သူတို့အတွက် တစ်ခန်းပေးထားတယ် ကြားတယ်။ နောက်ပြီး လှိုင်သာယာ FMI မှာ Warehouse တွေ Rice Mill တွေနဲ့ နီးတဲ့ Industrial Zone တွေနဲ့နီးတဲ့ နေရာတွေမှာ သူတို့ရုံးဖွင့်မယ် လို့လည်း သိရပါတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် လက်ရှိအချိန်သည် ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လသာ လိုတော့ချိန်၌ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်သာ တင်ပို့နိုင်သေးသဖြင့် ယခင်နှစ်ကထက် တန်ချိန်လေးသိန်းကျော်ခန့် လျော့နည်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ဆန်ပြည်ပတင်ပို့မှု လျော့နည်းခြင်းသည် ၂၀၁၅ ခုနှစ် သြဂုတ်၊ စက် တင်ဘာလများ အတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်များကြောင့် ဆန်တင်ပို့မှု လျော့နည်းသွားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
မြန်မာဆန် ပြည်ပတင်ပို့ရာတွင် ပြည်ပဆန်တင်ပို့မှု၏ ရာခိုင်နှုန်း ၉၀ ခန့်မှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းခန့်သာ ပင်လယ်ရေကြောင်းမှ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု အများဆုံး ပြုလုပ်နေသည့် မူဆယ်သို့ ယခုရက်ပိုင်းအတွင်း ဆန်တင်ပို့မှု လျော့ကျနေကြောင်း သိရသည်။
"အရင်က မူဆယ်ကို တစ်နေ့ကို တန်ချိန် ၅၀၀၀ လောက်ဝင်တယ်။ အခုဆို တန်ချိန် ၁၀၀၀ ကျော်ပဲ ပို့နိုင်တော့တယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။
 

Most Read

Most Recent