ဖေဖော်ဝါရီ နောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၄၂ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်း

ဖေဖော်ဝါရီ နောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၄၂ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်း
Published 26 February 2016
အောင်မြတ်ကို

ဖေဖော်ဝါရီ နောက်ဆုံးပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၄၂ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း ပြင်ပဈေးကွက်မှ စုံစမ်းသိရသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ နောက်ဆုံးပတ် ၂၂ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၁၂၄၇ ကျပ်ဝန်းကျင်၊ ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၄၆ ကျပ်ဝန်းကျင်မှ ၂၄ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၄၄ ကျပ်ဝန်းကျင်သို့ လည်းကောင်း၊ ၂၅ ရက်တွင် ၁၂၄၃ ကျပ်ဝန်းကျင်မှ ၂၆ ရက်တွင် ၁၂၄၂ ကျပ်ဝန်းကျင်သို့ တစ်ပတ်အတွင်း ငါးကျပ်ဝန်းကျင် ကျဆင်းခဲ့သည်။ဗဟိုဘဏ် အနေဖြင့် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်းအား ဆက်တိုက်တိုးမြှင့်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၃၄ ကျပ်မှ ၂၃ ရက်တွင် ၁၂၃၅ ကျပ်သို့လည်းကောင်း ၂၄ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၃၆ ကျပ်မှ ၂၅ ရက်နှင့် ၂၆ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၃၇ ကျပ်သို့ပြန်လည် မြင့်တက်လာသည်။ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းနှင့် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ကွာဟချက် နည်းလာခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗဟိုဘဏ်နှင့် ပြင်ပဈေးကွက် ကွာဟချက်သည် ၁၃ ကျပ်ဝန်းကျင်မှစ၍ ၂၆ ရက်တွင် ငါးကျပ်ဝန်းကျင်အထိ ကွာဟချက် နည်းလာသည်။ဖေဖော်ဝါရီ နောက်ဆုံးပတ် ငါးရက်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေး လေလံတွင် ဘဏ်နှင့်ငွေကြေး အဖွဲ့အစည်းများသို့ စုစုပေါင်း အမေရိကန်ဒေါ်လာခြောက်သိန်း ရောင်းချခဲ့ပြီး အဆိုပါ ငါးရက်အတွင်း ငွေကြေးလေလံတွင် ပြန်လည်ဝယ်ယူခဲ့ခြင်း မရှိကြောင်း ဗဟိုဘဏ်မှ သိရသည်။ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၃၇  ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၄၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၄၀ ဝန်းကျင်တွင် ရှိနေသည်။ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းတွင် ဗဟိုဘဏ် သတ်မှတ်ထားသော ဒေါ်လာလဲနှုန်းသည် ၂၀၁၅ ခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကျဆင်းခဲ့သော ဒေါ်လာသတ်မှတ်နှုန်းသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ၁၂၃၇ ကျပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ တတိယပတ်အတွင်း အမြင့်ဆုံး တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၂၆၀ ဝန်းကျင်အထိ ရှိခဲ့ပြီး ဖေဖော်ဝါရီ တတိယပတ် နောက်ဆုံးရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၃ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သည်။

Most Read

Most Recent