ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင် အသုံးပြုမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင် အသုံးပြုမည်
Published 24 February 2016
ရွှန်းလဲ့ဝင်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင်ရွှေ့ပြောင်း အသုံးပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ  သတင်းရရှိသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ရှိ Pioneer Aerodrome Services ကုမ္ပဏီ (ယခု Yangon Aerodrome Services ကုမ္ပဏီ)အား ရွေးချယ်ခဲ့ပြီး၊ အဆိုပါ ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။အသစ်တိုးချဲ့ တည်ဆောက်ခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မြေညီထပ်အား ပြည်ပထွက်ခွာ ခရီးသည်များ အသုံးပြုမည်ဖြစ်ကာ ပထမထပ်အား ပြည်ပဆိုက်ရောက် ခရီးသည်များအတွက် အသုံးပြုသွားမည်ဖြစ်ပြီး အကြိုဖွင့်ပွဲအား ၂၀၁၆ ခုနှစ် မတ်လတွင် ပြုလုပ်သွားမည်ဟု သိရသည်။အသစ်တိုးချဲ့ တည်ဆောက်ခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဒုတိယထပ်နှင့် တတိယထပ်အား Shopping Centre ဖွင့်လှစ်သွားမည်ဖြစ်သည်။“၂၀၁၆ ခုနှစ် မတ်လမှာ အကြိုဖွင့်ပွဲ ပြုလုပ်ပြီး ပြည်ပလေကြောင်းလိုင်းအချို့ စတင် အသုံးပြုမယ်လို့ သိရပါတယ်။ လေဆိပ် အဆင့်မြှင့်တင် တည်ဆောက်ရေး စီမံကိန်း တစ်ခုလုံး ပြီးစီးတာ မဟုတ်သေးတဲ့အတွက် ပြည်ပလေကြောင်းလိုင်း နှစ်ခု သုံးခုပဲ အရင်ရွှေ့ပြောင်း အသုံးပြုဦးမှာပါ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ Pioneer Aerodrome Consortium ကုမ္ပဏီ (ယခု Yangon Aerodrome Services ကုမ္ပဏီ)သည် လက်ရှိ ခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည် ခြောက်သန်း လက်ခံနိုင်ရန် တည်ဆောက်သွားမည်ဖြစ်သည်။ယခု အသစ်ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ခန့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အအုံသစ် တည်ဆောက်ရာတွင် ယခင်အသုံးပြုခဲ့သည့် ပြည်တွင်းခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်အား ဖြိုချ၍ ပြည်ပထွက်ခွာ၊ ဆိုက်ရောက်ဆောင်နှင့် တစ်ဆက်တည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။           

Most Read

Most Recent