ပြည်သူ့လွှတ်တော်၌ အရေးကြီးအဆိုနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရန် သင့် မသင့် မဲခွဲ ဆုံးဖြတ်ရာတွင် ကိုယ်စားလှယ် ၂၀ ပျောက်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား

ပြည်သူ့လွှတ်တော်၌ အရေးကြီးအဆိုနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရန် သင့် မသင့် မဲခွဲ ဆုံးဖြတ်ရာတွင် ကိုယ်စားလှယ် ၂၀ ပျောက်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား
Published 24 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၂၄ ရက်က အရေးကြီးအဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် သင့် မသင့် မဲခွဲ ဆုံးဖြတ်ရာတွင် ကိုယ်စားလှယ် ၂၀ ပျောက်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက ‘မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူလူထု ပါဝင်လာမှုအပေါ် ကြိုဆို ထောက်ခံရန်၊ ဟန့်တားနှောင့်ယှက် သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်း’ အရေးကြီးအဆို တင်သွင်းခဲ့ရာ လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန် သင့် မသင့် မဲခွဲရာတွင် မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦး ရှိခဲ့သည်။အစည်းအဝေး စတင်စဉ်က တက်ရောက်သူ ၄၂၆ ဦး ရှိခဲ့ရာ မဲခွဲဆုံးဖြတ်စဉ် မဲပေးပိုင်ခွင့် ရှိသူမှာ ၄၀၆ ဦး ဖြစ်နေသည့်အတွက် ကိုယ်စားလှယ် ၂၀ ပျောက်နေခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က “အစည်းအဝေး တက်ရောက်စဉ်တုန်းက အစည်းအဝေး တက်ရောက်သူ ၄၂၆ ဦး ရှိပါတယ်။ အခု မဲပေးတဲ့ အခါမှာ မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦး တွေ့ရှိရပါတယ်။ ၂၀ ပျောက်နေပါတယ်။ ၂၀ ပျောက်နေတာက ကော်မတီ အစည်းအဝေးတွေရှိလို့ သွားသလား၊ ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားသလား။ ကျွန်တော်တို့ အလေးအနက် ထားရပါမယ်။ နောက်ကို ကော်မတီ အစည်းအဝေးတွေ ရှိလို့ရှိရင် ကော်မတီ အစည်းအဝေးတိုင်းဟာ လွှတ်တော်အပြီး နေ့လယ်ပိုင်းကနေပြီးတော့ ညနေ ၄ နာရီ၊ ၄ နာရီခွဲ ရုံးချိန်အထိ လုပ်နိုင်ပါတယ်။ အခုလောလောဆယ် ၂၀ ပျောက်တာ တွေ့ရှိတာကို ကျွန်တော် လွှတ်တော်ကို အသိပေး ကြေညာခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။အရေးကြီး အဆိုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် မဲခွဲဆုံးဖြတ်သည့်အခါ မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦးရှိသည့်အနက် ထောက်ခံဆန္ဒမဲပေါင်း ၃၅၇ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၁၀ မဲ၊ ကြားနေဆန္ဒမဲပေါင်း ငါးမဲ စုစုပေါင်း ၃၇၂ မဲ ရှိခဲ့သည်။ထိုသို့ မဲခွဲဆုံးဖြတ်စဉ် ကိုယ်စားလှယ်ဦးရေမှာ အစည်းအဝေး စတင်စဉ်က ရှိသည့် ကိုယ်စားလှယ်ဦးရေထက် လျော့နည်းသွားသည်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ယခုကဲ့သို့ အစည်းအဝေး ကျင်းပချိန်အတွင်း ထွက်ခွာလိုပါက အကြောင်းကြားရန်၊ ခွင့်တိုင်ကြားရန် လိုအပ်ကြောင်း၊ ထိုသို့ မပြုလုပ်ပါက မဲခွဲ ဆုံးဖြတ်ရသည့် အခါတွင် ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားသည်။“တကယ့်ကို အရေးပေါ် ကြုံတွေ့လာတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံလာတယ်။ မဲဆန္ဒမှာ ဟိုဘက် ဒီဘက်၊ ဖြစ်လာတဲ့ အခြေအနေမျိုးတွေမှာ ဒါတွေဟာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒါမျိုးတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

Most Read

Most Recent