ဆန်စပါးနှင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် ဆန်စပါးအသင်းချုပ် ရုံးခွဲများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှု စင်တာများ တည်ထောင်မည်

ဆန်စပါးနှင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် ဆန်စပါးအသင်းချုပ် ရုံးခွဲများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှု စင်တာများ တည်ထောင်မည်
Published 24 February 2016

ဆန်စပါးနှင့် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် ဆန်စပါးအသင်းချုပ် ရုံးခွဲများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှု စင်တာများကို တည်ထောင်သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။ဆန်စပါးအသင်းချုပ် ရုံးခွဲများကို မြန်မာနိုင်ငံ၏ ဆန်စပါး အဓိကထွက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ထောင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ဧရာဝတီတိုင်းရှိ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ဟင်္သာတ၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပဲခူးတိုင်းရှိ လက်ပံတန်း၊ ပြည်၊ တောင်ငူ၊ ရန်ကုန်တိုင်းရှိ တွံတေး၊ ကော့မှူး၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ နှစ်မြို့နယ်စီတို့တွင် ဆန်စပါးအသင်းချုပ်ရုံးခွဲ ဖွင့်လှစ်မှုကို ရှေ့ပြေးဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါ အသင်းချုပ် ရုံးခွဲများကို အခြားတိုင်းနှင့် ပြည်နယ်များရှိ ဆန်စပါး အဓိက ထွက်ရှိရာ မြို့များတွင်လည်း ဆက်လက် ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။ထို့ပြင် စက်မှုလယ်ယာဝန်ဆောင်မှု စင်တာများကိုလည်း ခြောက်လ စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆန်စပါးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသော တောင်သူများ၊ ဆန်စက်ပိုင်များ၊ ကုန်သည်များ အနေဖြင့် ဖွံ့ဖြိုးရေး မိတ်ဖက်များအဖြစ် ဆောင်ရွက်ရန် ဆန်စပါး အသင်းချုပ်တွင် အဖွဲ့ဝင် အသင်းသားအဖြစ် ပါဝင်ရမည်ဟု သိရသည်။ဆန်စပါးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နည်းပညာ၊ မျိုးစပါး၊ စက်မှုလယ်ယာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းဘဏ်လုပ်ငန်း အဖွဲ့အစည်းများမှ ကာလလတ်ချေးငွေများ ထုတ်ချေးသွားရန် စီစဉ်ထားကြောင်း ဦးချစ်ခိုင်က ပြောကြားသည်။မြန်မာနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ထွက်ရှိမှုသည် အခြားဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးရော အရေအတွက်ပါ နိမ့်ကျနေဆဲဖြစ်ပြီး စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲနိုင်ရန် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။

Most Read

Most Recent