မြန်မာနိုင်ငံ၏ နှစ်စဉ် နိုင်ငံခြားကုန်သွယ်မှု တိုးတက်လျက် ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု နှစ်စဉ် မြင့်တက်လာခြင်းကြောင့် လေးနှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ နှစ်စဉ် နိုင်ငံခြားကုန်သွယ်မှု တိုးတက်လျက် ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု နှစ်စဉ် မြင့်တက်လာခြင်းကြောင့် လေးနှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်
Published 24 February 2016
ချမ်းမြေ့သူ

မြန်မာနိုင်ငံ၏ နှစ်စဉ် နိုင်ငံခြားကုန်သွယ်မှု တိုးတက်လျက် ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု နှစ်စဉ် မြင့်တက်လာခြင်းကြောင့် လေးနှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ဘဏ္ဍာနှစ် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကို ကြည့်မည်ဆိုပါက နှစ်စဉ် ကုန်သွယ်မှုတိုးတက် ပြုလုပ်ထားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာ ၁၈ ဘီလျံကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာ ၁၈ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ စုစုပေါင်း ၂၄ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၂၉ ဘီလျံကျော်ရှိကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ ၂၃ ဘီလျံကျော်ရှိကြောင်း သိရသည်။ကုန်သွယ်မှု လိုငွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စပြလာခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှု လိုငွေများကို ကြည့်မည်ဆိုပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ သန်းကျော်၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ နှစ်ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ လေးဘီလျံကျော်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ငါးဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများမှ ကုန်စည်များအား တင်သွင်းရာတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အပိုင်းဟူ၍ နှစ်မျိုးခွဲထားပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း အုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စုနှင့် လူသုံးကုန်ပစ္စည်း အုပ်စုများကို အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နံှမည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို သတ်မှတ်ပေးထားသည့် နှစ်အလိုက် အခွန်လွတ်ဖြင့် တင်သွင်းမှုများရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ များပြားလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။“ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ခွင့်ပြုမှု များလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာတယ်။ တင်သွင်းရာမှာ သတ်မှတ်ကာလအလိုက် အခွန်လွတ်နဲ့ တင်သွင်းတာတွေ ရှိတယ်။ အခွန်လွတ်နဲ့ တင်သွင်းတဲ့ ရာခိုင်နှုန်းက ရာခိုင်နှုန်း ၅၀ အောက်ပဲ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းဟု ဆိုရာ၌ ဘိလပ်မြေ၊ စက်နှင့် စက်ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း စသည်တို့ ပါဝင်ပြီး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွင် ရေနံထွက်ပစ္စည်း၊ လျှပ်စစ်ကုန်ကြမ်း၊ ဓာတ်မြေသြဇာ စသည့် ကုန်စည်တို့ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။      

Most Read

Most Recent