ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၈၀၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး နယ်ဘက်မှ အဝယ်များနေဟုဆို

ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၈၀၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး နယ်ဘက်မှ အဝယ်များနေဟုဆို
Published 24 February 2016

ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၀၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး ပဲပေါ်ချိန်၊ စပါးပေါ်ချိန် ဖြစ်သည့်အတွက် နယ်ဘက်မှ အဝယ်များနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။“ဒီနေ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈၀၀၀၀၀ ကျော်လောက် ရှိနေတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ စပါးပေါ်ချိန်၊ ပဲပေါ်ချိန် ဖြစ်တဲ့အတွက် နယ်ဘက်ကတော့ အဝယ်များနေတယ်။ အရင် အနိမ့်ဈေးတုန်းက ဝယ်ထားတဲ့ သူတွေလည်း ထုတ်ရောင်းကြတာ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး အတက်အကျ ဖြစ်ပေါ်မှုကြောင့် ယခုလပိုင်းအတွင်း တစ်ကျပ်သားလျှင် ကျပ် ၇၆၅၀၀၀ နှင့် ကျပ် ၈၀၀၀၀၀ ကြား ဈေးနှုန်းဖြစ်ပေါ်ခဲ့ကာ ယခု ဖေဖော်ဝါရီ နောက်ဆုံးပတ် အတွင်း၌ တစ်ကျပ်သားလျှင် ကျပ် ၈၀၀၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ဒေါ်လာ ၁၂၂၂ ကျော် ဝန်းကျင်ရှိပြီး ပြည်တွင်းဈေးကွက် အတွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၀၁၅၀၀ နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၅၅၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း ဦးထုံရွှေဆိုင်မှ သိရသည်။ပြည်တွင်းရွှေဈေးကို ကမ္ဘာ့ရွှေဈေး အတက်အကျနှင့် ပြည်တွင်းငွေလဲနှုန်း အတက်အကျတို့ပေါ် မူတည်၍ ဈေးဖွင့်ခြင်းဖြစ်ပြီး ဖွင့်ဈေးနှင့် ပိတ်ဈေး နှစ်မျိုးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေးမှာ ဖေဖော်ဝါရီ ၂၂  ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၂၀၉၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၂၂၂ ကျော်နှင့် ဖေဖော်ဝါရီ ၂၄ ရက် (မွန်းလွဲပိုင်း) တွင် ၁၂၂၂ ကျော် ဝန်းကျင်ရှိကြောင်း သိရသည်။

Most Read

Most Recent