အယ်လ်နီညို၏ အကျိုးဆက် ပြဿနာများ ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်၍ စာရွက်ပေါ်က စီမံချက်လောက်နှင့်သာ တာဝန်ကျေ ဆောင်ရွက်နေပါက ဆုံးရှုံးမှုပမာဏ ပိုမိုကြီးမားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး ပြောကြား

အယ်လ်နီညို၏ အကျိုးဆက် ပြဿနာများ ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်၍ စာရွက်ပေါ်က စီမံချက်လောက်နှင့်သာ တာဝန်ကျေ ဆောင်ရွက်နေပါက ဆုံးရှုံးမှုပမာဏ ပိုမိုကြီးမားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး ပြောကြား
Published 23 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အယ်လ်နီညို၏ အကျိုးဆက် ပြဿနာများကို ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်၍ စာရွက်ပေါ်က စီမံချက်လောက်သာ တာဝန်ကျေ ဆောင်ရွက်ပါက ဆုံးရှုံးမှုပမာဏ ပိုမိုကြီးမားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ (ဦး)လှမိုးက ပြောကြားသည်။ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်သူ့လွှတ်တော်တွင် ဒေါက်တာမောင်သင်း တင်သွင်းသော အရေးကြီး အဆိုနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ဒေါက်တာလှမိုးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ် ဖြစ်ပွားလာပါက စီမံချက်များ ရေးဆွဲဆောင်ရွက်သော်လည်း ယင်းစီမံချက်များမှာ ဖိုင်တွဲ၌သာ ရှိနေပြီး၊ ဇာတ်တိုက်လေ့ကျင့်ထားမှု မရှိသည့်အတွက် လက်တွေ့သုံးစွဲနိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် လိုအပ်သည်ထက်ပို ၍ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းကို နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းနှင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်က အခြေအနေများ သက်သေ သာဓကပြု၍ ၎င်းက ပြောကြားသည်။
"အယ်လ်နီညို နောက်ဆက်တွဲ ဆိုးကျိုးတွေက ရုတ်တရက် ကျရောက်တဲ့ သဘာ၀ ဘေးအန္တရာယ် မဟုတ်ပါဘူး။ ခြောက်လလောက် ကြိုတင် ကြေညာထားပြီးသားပါ။ ဒီလိုကြိုတင် သတိပေးထားပါရက်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက စာရွက်ပေါ်က စီမံချက်လောက်နဲ့ တာဝန်ကျေ လုပ်နေမယ်ဆိုရင်၊ အဖွဲ့အစည်း အသီးသီး ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်ဆောင်ရွက်မှုများ မလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ တစ်တွေရဲ့ ဆုံးရှုံးမှု ပမာဏဟာ ဒီထက်ပိုကြီးမား လာမှာပါ။ နောက်ဆုံးအဆင့် နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ပျက်ပြားစေနိုင်ပါတယ်။ အဓိက ကတော့ စားနပ်ရိက္ခာ ပြတ်တောက်ခြင်းပါပဲ" ဟု အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။
အယ်လ်နီညို၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် သီးနှံထွက်ရှိမှုနှုန်း အလွန်လျော့နည်းမည် ဖြစ်သည့်အတွက် နိုင်ငံအသီးသီး၌ ဆန်သိုလှောင်မှုများ လုပ်ဆောင်နေချိန်တွင် မြန်မာနိုင်ငံသည် တစ်ရက်လျှင် ဆန်တန်ချိန် တစ်ထောင်ခန့် ပြည်ပသို့တင်ပို့ နေမှုကိုလည်း ထိန်းချုပ်ရန်လည်း ဒေါက်တာလှမိုးက ပြောကြားသည်။
ထို့အတူ နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က "ယခုနှစ်ဟာ ဘူးလေးရာ ဖရုံဆင့်သလို ကမ္ဘာ့စံချိန်တင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နေခြင်းကြောင့် ခါတိုင်း ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရသည်ထက် ပိုမိုပြီး ပူနွေးခြောက်သွေ့မှုတွေကို ခံစားရတော့မှာ ဖြစ်ပါတယ်။ ယခုကတည်းကိုပဲ ရေပြတ်လပ်မှုတွေ နေရာတော်တော် များများမှာ စတင်ဖြစ်ပေါ်လာပြီ ဖြစ်သလို မီးလောင်ကျွမ်းမှုများလည်း မကြာခဏ ဖြစ်ပေါ်နေပါ ပြီ။ သေချာစွာ ကြိုတင်ပြင်ဆင်ထားမှုသာ မရှိခဲ့ရင် ဒီနှစ်နွေမှာ ကျွန်တော်တို့ နိုင်ငံဟာ ကပ်ဘေးတစ်ခု ဆိုက်သလို ခံစားကြုံတွေ့ရမှာ ဖြစ်ပါတယ်" ဟု ဆွေးနွေးသည်။
အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ဒေါက်တာလှမိုး အပါအဝင် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ရာ အယ်လ်နီညိုကဲ့သို့ ကြုံတွေ့လာမည့် သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းပေးရန် တာဝန်အရှိဆုံးမှာ လွှတ်တော်နှင့် နိုင်ငံတော် အစိုးရသာ ဖြစ်ကြောင်း၊ တာဝန်ယူစဉ်တွင် ပြည်သူ့ဒုက္ခများ လျော့ကျသွားအောင် ဆောင်ရွက်မပေးနိုင်ခဲ့ပါက တာဝန်မကျေဘူးဟု မှတ်ယူရမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။ ဒလမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ(ဦး)စိန်မြအေးကလည်း ဒလမြို့နယ်တွင် ရေခန်းခြောက်မှုများမှာ ဧပြီလတွင်မှသာ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ဖေဖော်ဝါရီလ မကုန်မီပင် ရေခမ်းခြောက်မှုများ ကြုံတွေ့နေရပြီ ဖြစ်ကြောင်း ပြောကြားသည်။
"မြန်မာ့ဘေးအန္တရာယ် စီမံခန့်ခွဲမှု သမိုင်းကိုကြည့်ရင် နာဂစ်ကစလို့ မနှစ်က ရေကြီးမှုအထိ ပြည်သူတွေက နိုင်ငံတော်ပိုင်းထက် အစိုးရမဟုတ်တဲ့ ပရဟိတ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုပဲ ကျေးဇူးပိုတင်ကြ ချီးကျူးကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ အစိုးရရဲ့ ဦးစီးဦးဆောင်မှုဟာ အားနည်းသလို၊ အားနည်းနေသလားလို့ ထင်စရာအချက် ဖြစ်နေပါတယ်။ ယခုအဆိုကို တင်သွင်းခြင်းဟာ ယခင်က သင်ခန်းစာများကို ပြန်လည်ကုစားဖို့ ရည်ရွယ်ထားသလားလို့ မျှော်လင့်မိပါတယ်" ဟု ဒေါက်တာစိန်မြအေးက ပြောကြားသည်။

Most Read

Most Recent