ရန်ကုန်မြို့အတွင်း အထပ်မြင့် အဆောက်အအုံသစ်များ ပေါ်ထွန်းလာခြင်းကြောင့် ရုံးခန်းငှားရမ်းခများ လျော့ကျလာရန် အလားအလာကောင်းကြောင်း စင်ကာပူ အကြံပေးလုပ်ငန်း ခန့်မှန်း

ရန်ကုန်မြို့အတွင်း အထပ်မြင့် အဆောက်အအုံသစ်များ ပေါ်ထွန်းလာခြင်းကြောင့် ရုံးခန်းငှားရမ်းခများ လျော့ကျလာရန် အလားအလာကောင်းကြောင်း စင်ကာပူ အကြံပေးလုပ်ငန်း ခန့်မှန်း
Published 22 February 2016
စည်သူအောင်

ရန်ကုန်မြို့အတွင်း အထပ်မြင့် အဆောက်အအုံသစ်များ ပေါ်ထွန်းလာခြင်းကြောင့် ရုံးခန်းငှားရမ်းခများ လျော့ကျလာရန် အလားအလာ ကောင်းမွန်ကြောင်း စင်ကာပူအကြံပေးလုပ်ငန်း REMS မှ အမှုဆောင် အရာရှိချုပ် Tan Kok Keong ၏ သုံးသပ်ချက်ကို စင်ကာပူအိမ်ခြံမြေလုပ်ငန်း ဝက်ဘ်ဆိုက် theedgeproperty.com.sg က ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံသည် စစ်ဗိုလ်ချုပ်ကြီးများ ကြီးစိုးထားသည့် ဒီမိုကရေစီ အစိုးရ အဖြစ်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအဖြစ် ညင်သာချောမွေ့စွာ ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာဈေးကွက်သို့ ဝင်ရောက်ရန် ယုံကြည်မှု မြင့်တက်လာခဲ့သည်ဟု စင်ကာပူ အကြံပေးလုပ်ငန်း REMS မှ အမှုဆောင် အရာရှိချုပ် Tan Kok Keong က ပြောကြားသည်။မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သလို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ပြည်တွင်းပြည်ပ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆက်တိုက် ခွင့်ပြုပေးနေခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း သစ်များနှင့် နိုင်ငံတကာ လုပ်ငန်းများ ဈေးကွက်အတွင်း ဝင်ရောက်နေပြီဖြစ်သည်။လက်ရှိ အစိုးရ လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းအချို့ ဖြေလျှော့မှုများကြောင့် နိုင်ငံတကာ လုပ်ငန်းများ ပိုမို ဝင်ရောက်လာနိုင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် သုံးနှစ်အတွင်း ပျမ်းမျှ ဂျီဒီပီ (ပြည်တွင်းစုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုး) သည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ အဆိုပါ အချက်က နိုင်ငံတကာ လုပ်ငန်းများကို ဆွဲဆောင်နိုင်ခဲ့ပြီး လာမည့်နှစ် အနည်းငယ်အထိ ယင်းနှုန်းထားအတိုင်း ဆက်လက်တိုးတက်ရန် မျှော်မှန်းထားသည်။ထိုသို့ နိုင်ငံတကာ လုပ်ငန်းများ ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ ရုံးခန်း အဆောက်အအုံ ငှားရမ်းခများမှာ စံချိန်တင် မြင့်တက်ခဲ့ရာ ယခု အသစ်ပေါ်ထွန်းလာသော အဆင့်မီ အထပ်မြင့် အဆောက်အအုံများကြောင့် ဈေးနှုန်းပြန်လည် လျော့ကျရန် အလားအလာ ရှိလာကြောင်း REMS မှ သုံးသပ်သည်။ ၎င်း၏ သုံးသပ်ချက်အရ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယခင်ထက် ငှားရမ်းခနှုန်း ၁၁ ရာခိုင်နှုန်း ကျဆင်းလာပြီး အသစ်တည်ဆောက် ပြီးစီးသည့် မြန်မာစင်တာကဲ့သို့ အဆောက်အအုံများကြောင့် ကျဆင်းလာခြင်း ဖြစ်သည်။ မြန်မာစင်တာ၏ လက်ရှိရုံးခန်း ငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၅၅ မှ ၆၅ ဒေါ်လာအကြား ဝန်းကျင်ဖြစ်ရာ ယခင်နှစ်များက ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကျဆင်းလာသည်။theedgeproperty.com.sg မှ ပြုလုပ်သော စစ်တမ်းများအရ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတကာ အဆင့်မီ ရုံးခန်း အရေအတွက် ၆၄ ရာခိုင်နှုန်း တိုးတက်လာပြီး အဆိုပါ အဆောက်အအုံများတွင် Union Business Centre၊ Union Financial နှင့် Myanmar Centre ကဲ့သို့  အရည်အသွေးမြင့် အဆောက်အအုံများ ပါဝင်သည်။ထိုသို့ ရုံးခန်းအဆောက်အအုံများ တိုးတက်နေသကဲ့သို့ မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပ လုပ်ငန်းများ၏ စီးပွားရေး လုပ်ဆောင်မှုနှုန်း မြင့်တက်လျက် ရှိသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၅ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် ပြည်တွင်းပြည်ပ လုပ်ငန်း ၅၈၇၈၉ ခုရှိရာ ၈၃၀၉ ခုသည် လုပ်ငန်းအသစ် တည်ထောင်ခြင်းဖြစ်သည်။ အဆိုပါနှုန်းအရ ပြီးခဲ့သည့် လေးနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်စဉ် ကုမ္ပဏီသစ် ၇၀၀၀ ကျော် တည်ထောင်နိုင်ခဲ့သည်။လေ့လာချက် စစ်တမ်းအရ နှစ်စဉ် တည်ထောင်သည့် ကုမ္ပဏီ ၇၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၂၀ က ရုံးခန်းနေရာ လိုအပ်ချက်ရှိရာ အနည်းဆုံး တစ်နှစ်လျှင် ရုံးခန်းနေရာ စတုရန်းပေပေါင်း ၅၆၀၀၀၀ ကျော် လိုအပ်ချက် ရှိနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် အသစ်ပေါ်ထွန်းလာသည့် ကုမ္ပဏီများအတွက် ရန်ကုန်မြို့အတွင်း တစ်နှစ်လျှင် Sakura Tower လေးလုံးစာခန့် လိုအပ်နေခြင်း ဖြစ်သည်ဟု REMS မှ အမှုဆောင် အရာရှိချုပ် Tan Kok Keong က သုံးသပ်ထားသည်။                

Most Read

Most Recent