ပြည်ထောင်စုလွှတ်တော် နာယက၏ ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ယာယီခန့်ထားခြင်းသာ ဖြစ်ပြီး အမြဲတမ်းခန့်ထားမည့်သူသည် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘဲ ပြင်ပမှ အရည်အချင်းရှိသူကိုသာ ရွေးချယ်ခန့်အပ်မည်ဟု သိရ

ပြည်ထောင်စုလွှတ်တော် နာယက၏ ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ယာယီခန့်ထားခြင်းသာ ဖြစ်ပြီး အမြဲတမ်းခန့်ထားမည့်သူသည် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘဲ ပြင်ပမှ အရည်အချင်းရှိသူကိုသာ ရွေးချယ်ခန့်အပ်မည်ဟု သိရ
Published 22 February 2016
စိုးမင်းထိုက်

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၏ ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ယာယီခန့်ထားခြင်းသာဖြစ်ပြီး အမြဲတမ်းခန့်ထားမည့်သူသည် ဆွေမျိုးသားချင်းထဲမှ မဟုတ်ဘဲ ပြင်ပမှ အရည်အချင်းသူကိုသာ ရွေးချယ်ခန့်အပ်မည်ဟု အမျိုးသားလွှတ်တော် အခွင့်အရေးကော်မတီအတွင်းရေးမှူး ဦးမင်းဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သားဖြစ်သူအား ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားသည်ဟု သတင်းများထွက်ပေါ်ကြောင်း မေးမြန်းမှုအပေါ်တွင် ဦးမင်းဦးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဦးက “ဥက္ကဋ္ဌကြီးအနေနဲ့ ကိုယ်ရေးအရာရှိအဖြစ် သားသမီးအရင်းအခြာကို ခန့်အပ်ဖို့မဆိုထားနဲ့ ဆွေမျိုးသားချင်းထဲက သူကိုတောင် ခန့်ထားဖို့ အစီအစဉ်မရှိပါဘူး။ ပြင်ပကနေပဲ အရည်အချင်းရှိပြီး ဒီနေရာနဲ့ သင့်တော်တဲ့သူကို ရှာပြီးခန့် ထားမှာပါ။ အဲဒီသဘောထားပဲ ရှိပါတယ်”ဟု ပြောကြားသည်။လက်ရှိတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေဖြင့် သားဖြစ်သူအား ခန့်ထားသည်မှာ ယာယီသာဖြစ်ကြောင်း၊ ကိုယ်ရေးအရာရှိအဖြစ် ထားမည့်သူအား နာမည်စာရင်းတောင်းသည့်အတွက် သားဖြစ်သူ၏ အမည်စာရင်း ပေးခဲ့ခြင်းသာဖြစ်ကြောင်း၊ အမည်စာရင်းပေးပို့ရာတွင်လည်း ယာယီဟု ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ သားဖြစ်သူအား ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားမည်မဟုတ်ကြောင်း ဦးမင်းဦးက ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မန်းဝင်းခိုင်သန်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် လပေါင်း ၃၀ တာဝန်ယူ ထမ်းဆောင်ရမည်ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိသည် ဦးစီးအရာရှိရာထူးအဆင့် ရှိကြောင်း သိရသည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မန်းဝင်းခိုင်သန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ဖေဖောါဝါရီ ၃ ရက်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန်းဝင်းခိုင်သန်းသည် ပြိုင်ဖက်မရှိ ရွေးချယ်ခြင်းခံရကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးရရှိခဲ့ခြင်း ဖြစ်သည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အား ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေသည် ၂၂၄ ဦး ရှိကြောင်း သိရသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တိုင်းရင်းသားများနှင့် အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန် လိုအပ်ကြောင်း၊ ထို့အတူ တရားဥပဒေစိုးမိုးမှု ရှိရန်လည်း လိုအပ်ကြောင်း ပြောကြားထားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာရန်မှာ ပြည်သူများက ရွေးချယ်ပေးထားသည့် ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်အတွက် တရားဥပဒေစိုးမိုးမှု ရှိရန်၊ ငြိမ်းချမ်းရေးရရှိရန်၊ အမျိုးသားရင်ကြားစေ့ရေး ရရှိရန်မှာ အရေးကြီးကြောင်း၊ ထိုသို့ဖြစ်ရန်အတွက် ဥပဒေများအား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောကြားထားသည်။ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးခင်အောင်မြင့်သည် ကိုယ်ရေးအရာရှိအဖြစ် သားဖြစ်သူအား ခန့်အပ်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent