သီလဝါ အစုရှယ်ယာ သက်သေခံလက်မှတ် မလိုသော စနစ်သို့ ပြောင်းလဲမည်ဖြစ်သဖြင့် အစုရှယ်ယာ မှတ်ပုံတင် စာရင်းတွင် အစုရှယ်ယာ လွှဲပြောင်းခြင်း ခေတ္တရပ်ဆိုင်းမည်

သီလဝါ အစုရှယ်ယာ သက်သေခံလက်မှတ် မလိုသော စနစ်သို့ ပြောင်းလဲမည်ဖြစ်သဖြင့် အစုရှယ်ယာ မှတ်ပုံတင် စာရင်းတွင် အစုရှယ်ယာ လွှဲပြောင်းခြင်း ခေတ္တရပ်ဆိုင်းမည်
Published 20 February 2016
သက်ထား

သီလဝါ အစုရှယ်ယာ သက်သေခံလက်မှတ် မလိုသော စနစ်သို့ ပြောင်းလဲမည် ဖြစ်သောကြောင့် အစုရှယ်ယာ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ လွှဲပြောင်းခြင်းကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ Myan-mar Thilawa Sez Holdings Public Limited (MTSH) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အစုရှယ်ယာ မှတ်ပုံတင် စာရင်းတွင် အစုရှယ်ယာများ လွှဲပြောင်းခြင်းကို ၂၀၁၆ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၂၅ ရက်အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ် ပြုလုပ်နိုင်ရန်နှင့် အမြတ်ဝေစု လက်ခံရရှိစေနိုင်ရန်အတွက် YSX မှ သတ်မှတ်ထားသော လိုင်စင်ရ ငွေချေးသက်သေခံ ကုမ္ပဏီ တစ်ခုခုတွင် အစုရှယ်ယာရှင်များ အနေဖြင့် ငွေချေးသက်သေခံ လက်မှတ်စာရင်း (Securities Account) ကို ဖွင့်လှစ်ရန် လိုအပ်ကြောင်း သိရသည်။အဆိုပါ ငွေချေးသက်သေခံလက်မှတ် စာရင်းဖွင့်လှစ်ပြီး မိမိပိုင်ဆိုင်သည့် ရှယ်ယာများကို အစုရှယ်ယာ သက်သေခံလက်မှတ် မလိုသော စနစ်သို့ ပြောင်းလဲရန်အတွက် အစုရှယ်ယာရှင်များကိုယ်တိုင် YSX မှ သတ်မှတ်ထားသည့် လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများတွင် စာရင်းသွင်းရန် လိုအပ်ကြောင်း သိရသည်။ထိုသို့စာရင်းသွင်း ဆောင်ရွက်ခြင်းကို ၂၀၁၆ ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ စတင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှု ဌာနသည် မူလရှယ်ယာ ဝယ်ယူထားသူများမှ ရှယ်ယာပြန်လည်လွှဲပြောင်း ဝယ်ယူသူများထံသို့ အစုရှယ်ယာ လွှဲပြောင်းခြင်းကို ဝန်ဆောင်မှုပေးသည့် ဌာနဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်မတ်လ ရန်ကုန်စတော့အိတ်ချိန်း စတင်လည်ပတ်သည့် အခါတွင် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခြင်းကို ယင်းဌာနတွင် ပြုလုပ်တော့မည် မဟုတ်ဘဲ စတော့အိတ်ချိန်းတွင်သာ အရောင်းအဝယ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက်သည် ၂၀၁၄ ခုနှစ် မတ်လအတွင်းက ဘဏ်များမှတစ်ဆင့် ရှယ်ယာ တစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချခဲ့သည်။ယင်းနောက် သီလဝါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲပြုလုပ်ပြီးနောက်ပိုင်း ရှယ်ယာတစ်စုလျှင် ကျပ်လေးသောင်း ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ ယခုဖေဖော်ဝါရီလဆန်းတွင် ကျပ်ကိုးသောင်းဝန်းကျင်အထိ ထပ်မံမြင့်တက်လာခဲ့သည်။Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် နိုင်ငံသား အများပိုင် ကုမ္ပဏီ ကိုးခုမှ ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံသား အများပိုင်ကုမ္ပဏီ ကိုးခုမှ ရှယ်ယာ ၄၅ ရာခိုင်နှုန်း၊  ၅၅ ရာခိုင်နှုန်းကို အများပြည်သူများအား ရောင်းချခဲ့ပြီး အစုရှယ်ယာဝင်ပေါင်း ၁၇၉၉၀ အား အစုရှယ်ယာတန်ဖိုး ၂၁ ဒသမ ၄၅ ဘီလျံကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent