ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက် မြန်မာနိုင်ငံတွင် အရန်ဆန်ထားရှိနိုင်ရေး၊ ပြည်ပဆန်တင်ပို့မှု စိစစ်ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းခြင်း မူဝါဒဆိုင်ရာ အကြံပြုခြင်းများ အစိုးရသို့ တင်ပြမည်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက် မြန်မာနိုင်ငံတွင် အရန်ဆန်ထားရှိနိုင်ရေး၊ ပြည်ပဆန်တင်ပို့မှု စိစစ်ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းခြင်း မူဝါဒဆိုင်ရာ အကြံပြုခြင်းများ အစိုးရသို့ တင်ပြမည်
Published 20 February 2016
နီလာ

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက် အရန်ဆန် ထားရှိနိုင်ရေးကို အစိုးရအဖွဲ့သို့ အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဖေဖော်ဝါရီ ၁၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ထို့ပြင် လိုအပ်ချက်ရှိပါက ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှုအတွက် စိုက်ပျိုးသူ တောင်သူလယ်သမားများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မထိခိုက်စေသော ဆန်ပြည်ပ တင်ပို့မှု စိစစ်ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းခြင်း မူဝါဒဆိုင်ရာ အကြံပြုခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အရန်ဆန်ထားရှိရေးနှင့် ပတ်သက်ပြီး “အရန်ဆန်ထားဖို့က ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အရန်ဆန်နဲ့ ပတ်သက်တဲ့ အရေအတွက်တို့၊ အရည်အသွေးတို့၊ ဝယ်ယူမယ့် ပမာဏ၊ ထားမယ့်နေရာ၊ သိုလှောင်မယ့် ပမာဏ စသဖြင့်ပေါ့ တိတိကျကျ သိရရင် ထပ်ပြောပါ့မယ်။ အခုလောလောဆယ်ကတော့ ဒါကိုလုပ်ငန်းစီမံချက် လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။အယ်လ်နီညို သက်ရောက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ နွေစပါးထွက်ရှိချိန်အထိ လယ်ယာကဏ္ဍအပေါ် လတ်တလော ထိခိုက်မှုမရှိဘဲ မိုးစပါးစိုက်ပျိုးချိန်တွင် သက်ရောက်နိုင်မည့် အကျိုးသက်ရောက်နိုင်မှု အခြေအနေများကို စဉ်ဆက်မပြတ်လေ့လာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။“လတ်တလောမှာ အယ်လ်နီညိုနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် နွေစပါးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိဘူး။ နွေစပါးသည် မကြာခင်မှာ ပေါ်တော့မယ်၊ အများစု ရိတ်တော့မယ့် အနေအထား ရှိပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမယ့် အယ်လ်နီညိုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကတော့ လာမယ့်မိုးစပါးအတွက်သာ အဓိက စိုးရိမ်ပါတယ်။ လာမယ့်နှစ် မိုးစပါးစိုက်ရာသီမှာ လုံလောက်တဲ့ ရေတွေဘာတွေ ရပါ့မလား။ လုံလောက်တဲ့ မိုးရေ ရပါ့မလား၊ ၂၀၁၆ မိုးစပါးရာသီ ဇွန်၊ ဇူလိုင်မှာ မိုးရေချိန်၊ မိုးရွာသွန်းမယ့်ရက်၊ ဒါတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့ သဘောရှိပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ဒါးက၊ အသုတ်၊ မြောင်းမြ၊ သာပေါင်း စသည့်မြို့များတွင် ရေကျနောက်စိုက်စပါးများ ပေါ်ထွက်နေပြီ ဖြစ်သဖြင့် ရိတ်သိမ်းခြွေလှေ့နေကြပြီ ဖြစ်ကြောင်း ၊ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် ထွက်ရှိမှုအခြေအနေ ကောင်းမွန်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရရှိသော သတင်းများအရ သိရသည်။

Most Read

Most Recent