ဆရာကြီး ပန်းချီ လှတင်ထွန်းသည် ၁၉၇၂ ခုနှစ်တွင် မြန်မာအစိုးရ၏ စေလွှတ်ချက်အရ ပြင်သစ်အစိုးရ ပညာသင်ဆုဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ သွားရောက်ကာ 'အမျိုးသားပန်းချီသိပ္ပံ' တွင် နှစ်နှစ်ပညာ ဆည်းပူးခဲ့သည်။ ဆရာကြီးသည် ပန်းချီတော် ဦးကြာညွန့်၏ ပန်းချီလက်ရာများ ပါရီတွင် ရှိနေသည့် သတင်းကို ကြားဖူးသည်မှာ ကြာခဲ့ပြီ။ ပါရီမြို့ ဂီမေပြတိုက်ကြီးတွင် ပြသထားသည်ဟု ကြားသိခဲ့ရသည်။ ပါရီမြို့ရှိ မြန်မာသံရုံးက ဦးကြာညွန့် ပန်းချီကားများကို ဓာတ်ပုံရောင်စုံ ဆလိုက်များ ရိုက်ကူး၍ မြန်မာနိုင်ငံသို့ ပို့ခဲ့သည့် သတင်းကိုလည်း သတင်းစာများတွင် ဖတ်ခဲ့ဖူးသည်။ ထို့ကြောင့် ပါရီတွင် ပညာဆည်းပူးစဉ် ဦးကြာညွန့်၏ ပန်းချီလက်ရာများကို ကြည့်ဖြစ်အောင် ကြည့်မည်ဟု စိတ်ဆုံးဖြတ်ထားခဲ့သည်။ ဂီမေပြတိုက်တွင် ပြတိုက်ပညာ လေ့လာဆည်းပူးနေသော သူငယ်ချင်းဖြစ်သူ ကိုမောင်မောင်လေးကိုထံမှ ဦးကြာညွန့်ပန်းချီ ကားများ၏ သတင်းကို နားစွင့်နေခဲ့သည်။တစ်နေ့ ကိုမောင်မောင်လေးက "ပြင်နေတဲ့ ဂီမေပြတိုက်ကြီး အောက်ထပ် ပြင်ဆင် ပြီးသွားလို့ ပြန်ဖွင့်ပြီဗျ။ ပြင်သစ်ယဉ်ကျေးမှု ဝန်ကြီးကိုယ်တိုင် လာဖွင့်သွားတယ်။ ခင်ဗျား ကြည့်ချင်နေတဲ့ ကိုကြာညွန့် ပန်းချီပုရပိုက်ကြီးလည်း ပြထားပြီဗျ။ ပုရပိုက်က အကြီးကြီးပဲဗျာ။ ဆေးရောင်တွေကလည်း စိုလို့ အသစ်အတိုင်းပဲ ရှိသေးတာပဲ" ဟု ဝမ်းသာအားရ သတင်းပေးခဲ့သည်။ ဆရာကြီး ပန်းချီလှတင်ထွန်းလည်း အပြေးအလွှား သွားရောက်ကြည့်ရှုခဲ့သည်။ ခေတ်မီမှန်ဗီရို အသစ်ကြီးများထဲတွင် ဦးကြာညွန့်၏ ပန်းချီကားများကို ခံ့ခံ့ညားညား တွေ့ရလေသည်။ အလျား ၅၃ မီတာ၊ အနံ ကိုးမီတာခွဲ အရွယ်ရှိ 'နေမိဇာတ်ဆေးရေး ပုရပိုက်ကြီး' ဖြစ်သည်။ ပုရပိုက် အဖုံးတွင် မှန်စီရွှေချလျက် လှပအောင် မွမ်းမံထားသည်။ နေမိဇာတ်အပြင် မင်းတုန်းမင်း ခေတ်နန်းတွင်း အစဉ်အလာ မင်းခမ်းမင်းနားများနှင့် ဆယ့်နှစ်ရာသီ မြန်မာပွဲတော် ပန်းချီကားများကိုလည်း ပြသထားလေသည်။ ဆရာကြီး ပန်းချီလှတင်ထွန်းသည် ဦးကြာညွန့် ပန်းချီလက်ရာများကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလေ့လာပြီးနောက် အမျိုးသား အမွေအနှစ် ပန်းချီကားများကို မိမိတို့ပိုင် အမျိုးသားပြတိုက်ကြီးထဲတွင် အမြတ်တနိုးနှင့် ထာဝရ သိမ်းဆည်းထားလိုသော ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်ခဲ့သည်။ အကျိုးဆက်အဖြစ် ၂၀-၁-၁၉၇၃ ခုနှစ်ထုတ် ကြေးမုံသတင်းစာတွင် ဆရာကြီး ပန်းချီလှတင်ထွန်း (ဝင်းပ) ၏ 'ပါရီတွင် သောင်တင်နေသော ကိုကြာညွန့် ပန်ချီကားများ' ဆောင်းပါး ပါရှိခဲ့လေသည်။ ဆရာကြီး ပန်းချီလှတင်ထွန်းက "ထိုသို့သော အဖိုးတန် မြန်မာ့ပန်းချီကားများကို ဂီမေပြတိုက်က စနစ်တကျ ထိန်းသိမ်းပြီး တခမ်းတနား ပြသထားဖော်ရ၍ ကျေးဇူးတင်ရပါသည်။ ဤသို့ သူတို့ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက် ထားသည်ကို တွေ့ရ၍လည်း စိတ်ထဲက လှုပ်လှုပ်ရှားရှား ဝမ်းပန်းတသာ ဖြစ်ရသည်" ဟု သူ၏ ပါရီခရီးသည် စာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသော ပန်းချီတော် ဦးကြာညွန့်၏ ပုရပိုက် နှစ်ဆူမိတ္တူကို ရရှိရန် မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။ ဦးကြာညွန့်လက်ရာ မိတ္တူရောင်စုံ ဆလိုက်များကို ဂီမေပြတိုက်ကြီးမှ မြန်မာငွေ ၂၀၀၀ ကျော်ဖြင့် ဝယ်ယူ ရရှိခဲ့ပြီး ယဉ်ကျေးမှု ဗိမာန်ဦးစီးဌာနတွင် သိမ်းဆည်းခဲ့သည်။ ယင်းလက်ရာများနှင့် သက်ဆိုင်ရာ စာအုပ်စာတမ်းများကို အခြေပြု၍ ဦးကြာညွန့် အထိမ်းအမှတ်နေ့ကို ၆-၁၀- ၁၉၇၃ ခုနှစ်တွင် အမျိုးသားပြတိုက်၊ ပထမထပ်တွင် ကျင်းပခဲ့သည်။ ယဉ်ကျေးမှု ဗိမာန်မှ အရာရှိဖြစ်သူ ဆရာကြီး ဦးမင်းနိုင်က ရသမျှ အချက်အလက်များနှင့် ဓာတ်ပုံများကို ဖြည့်စွက်၍ ဦးကြာညွန့်၏ ခေတ်နှင့်သူ့လက်ရာ ဟူ၍ စာအုပ်အဖြစ် ပြုစုခဲ့လေသည်။ ဆရာကြီး ဦးမောင်မောင်တင် (မန္တလေး) ၏ ပုရပိုက်မည်း တစ်ဆူကိုလည်း များစွာအမှီသဟဲ ပြုခဲ့ရသည်။၁၁ ရာစုမှ ၁၈ ရာစုအထိ သမိုင်းဝင် မြန်မာပန်းချီ ဆရာကြီးများ၏ အမည်နာမ၊ ဘဝဖြစ်စဉ်နှင့် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်မှု နည်းပါးခဲ့သဖြင့် လေ့လာစူးစမ်းရန် မလွယ်ကူပေ။ ကုန်းဘောင်ခေတ် နောက်ပိုင်း ပုရပိုက် ပန်းချီများမှာပင် ပန်းချီဆရာ၏ အမည်ကို တွေ့ရခဲ့လေသည်။ "ရွှေသားကို ပန်းချီပြင်၍ သည်ခင်ကို စုတ်တံနှင့်ရေးသော်လဲ၊ ဆေးရနိုင်ဖွယ် စခန်းနော် လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ၊ ရွံ့ပါလိမ့် သူ့နိကယ်လို့၊ ရှိတယ်လို့ ဟုတ်ပြီဘူး" ဟူသည့် အချုပ်တန်း ဆရာဖေ၏ ကဗျာကို အကဲခတ်လျှင် ပန်ချီတော် ဦးကြာညွန့်၏ ကျော်ကြားခဲ့ပုံကို သိသာနိုင်မည် ဖြစ်သည်။ ဘကြီးတော် ဘုရားလက်ထက်တွင် ပန်းချီတော် ဦးကြာညွန့်ကို ဖွားမြင်ပြီး ပုဂံမင်း လက်ထက်တွင် လူလားမြောက်၍ ပညာစုံပြီဟု ယူဆရသည်။ မြန်မာ့နန်းတွင်းတွင် ပန်းချီတော်အဖြစ် သူကောင်းပြုခြင်း ခံရသည့် အချိန်ကား ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီး လက်ထက်တွင် ဖြစ်ပေသည်။ ၁၈၆၃ ခုနှစ်၊ မင်းတုန်းမင်း တရားကြီး နန်းတက်ပြီး ၁၁ နှစ်ခန့် အကြာတွင် ဦးကြာညွန့်သည် ဆေးရေးပန်းချီတော်အဖြစ် ဆောင်ရွက်နေကြောင်း ပုရပိုက်မူတွင် တွေ့ရှိခဲ့ရသည်။ မွေးဖွားသည့်ခုနှစ်၊ ကွယ်လွန်သည့် ခုနှစ်နှင့် ပန်းချီတော်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံရသည့် နှစ်များကိုမူ အတိအကျ မသိရှိရသေးပေ။ပန်းချီတော် ဦးကြာညွန့်သည် အခြေခံအားဖြင့် ရှေးမြန်မာ ပန်းချီပညာရှင်ကြီးများ ဆင့်ကဲဆင့်ကဲ နည်းနာယူခဲ့ကြသည့် အိန္ဒိယ ရှေးရိုးပန်းချီ ပညာကိုပင် အခြေပြုကာ ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်ပေသည်။ အင်းဝခေတ်လောက် ကတည်းက ရေးခြယ်လာခဲ့သော ပုရပိုက်ပန်းချီ အမျိုးမျိုးကိုလည်း လေ့လာဆည်းပူးခဲ့သည်။ အထက်အညာ မန္တလေးတစ်ဝိုက် ဘုရား၊ ပုထိုး၊ ဂူ၊ ကျောင်းများရှိ နံရံဆေးရေး ပန်းချီများသည်လည်း ဦးကြာညွန့် လေ့လာစရာ ပညာယူစရာ ရေးကွက်၊ ခြယ်ကွက်များ ဖြစ်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် သာသနာ့ ဒါယကာ ခံယူထားသူ ဖြစ်သည့်အပြင် တစ်ဖက်တွင်လည်း နိုင်ငံတိုးတက် ထွန်းကားရေးအတွက် မျက်ခြည်မပြတ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များကိုလည်း သူ့အဆင့်နှင့်သူ အံဝင်ခွင်ကျဖြစ်အောင် အသုံးပြုသည်။ ထိုအခါ ပညာသည်များသည်လည်း သူ့အဆင့်နှင့်သူ စုစုစည်းစည်းဖြင့် မိမိတု့ိပညာကို ထုတ်ဖော်ခွင့်၊ အသုံးချခွင့် ရရှိလာခဲ့ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ပန်းချီတော် ဦးကြာညွန့်သည် ကံ၊ ဉာဏ်၊ ဝီရိယအကြောင်း သုံးပါးကြောင့် နန်းတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပုံရပေသည်။ နန်းတွင်းသို့ ရောက်သောအခါ မင်းအဆက်ဆက် လက်စွဲအဖြစ် အသုံးပြုခဲ့သော ရွှေနန်းလက်သုံး၊ ပုရပိုက် အဆူဆူမှ နန်းတွင်းလက်ရာများမှ လေ့လာခွင့် ရရှိခဲ့သည်။ ပန်းချီတော် ဦးကြာညွန့်နှင့် နန်းတွင်း ပန်းချီတော်များသည် လွှတ်တော်မှ အမိန့်အရ အကြောင်းအရာ အမျိုးမျိုးကို ပုရပိုက်ဖြူတွင် ဆေးပန်းချီ ခြယ်မှုန်း၍ မှတ်တမ်းတင်ကြရသည်။ ပန်းချီတော် ဦးကြာညွန့်သည် ဘိုးတော်၊ ဘကြီးတော်နှင့် ပုဂံမင်းများ လက်ထက်တွင် ရောက်ရှိခဲ့ကြသော ဥရောပ ပန်းချီဆရာများနှင့် မဆုံစည်းခဲ့သော်လည်း မင်းတုန်းမင်း တရားကြီး လက်ထက်တွင် ရောက်ရှိလာကြသည့် မစ္စတာဂရန့်၊ မစ္စတာသရိုက်နှင့် ဟင်နရီယူးတို့ကိုကား ရင်းရင်းနှီးနှီး ဆက်ဆံခွင့် ရပေသည်။ ထိုပညာရှင် သုံးဦးထံမှ ဥရောပ ပန်းချီနန်း စနစ်နှင့် ဥရောပလက်ရာ တို့ကိုလည်း မြင်တွေ့ခဲ့ရပေမည်။ 'ကိုကြာညွန့် တို့ခေတ်က အနောက်ဥရောပ နိုင်ငံများနှင့် အဆက်အသွယ် ရနေပြီဖြစ်ရာ အနောက်ပန်းချီ စနစ်ကိုလည်း သူ့ပန်းချီကားများတွင် တွေ့ရပါသည်။ သို့သော် စနစ်တကျ မဟုတ်သေး။ အနီးအဝေး သဘော၊ အလင်းအမှောင် သဘောတို့ကို ပိုင်ပိုင်နိုင်နိုင် မရေးဆွဲနိုင်သေးကြောင်း သတိထားမိပါသည်။ ဘာပဲဖြစ်ဖြစ် ရှေးရိုးမြန်မာ ပန်းချီတန်ဖိုးနှင့် တွက်လျှင်ကား အဖိုးမဖြတ်နိုင်သော ပန်းချီကားများ ဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်' ဟု ဆရာကြီးပန်းချီ လှတင်ထွန်းက မှတ်ချက်ပြုခဲ့သည်။ မြင်းကွန်း၊ မြင်းခုံတိုင် အရေးအခင်းပြီးနောက် သုံးနှစ်ခန့်အကြာတွင် ပန်းချီတော် ဦးကြာညွန့်သည် ပုရပိုက်ကြီး နှစ်ဆူတွင် နေမိဇာတ်တော်နှင့် နန်းတွင်းသဘင် ၁၂ ရာသီ ပွဲတော်များကို ရေးခြယ်ခဲ့လေသည်။ နေမိဇာတ်တော် သရုပ်ဖော် ပုရပိုက်ဖြူသည် ၁၂၈ ခေါက်ရှိပြီး နှစ်ချိုး (လေးခေါက်) လျှင် ပြကွက်တစ်ကွက်ကျ ရေးခြယ်ထားပေသည်။ နေမိမင်းကြီးကို မာတလိနတ်သားက ပန်းရထားဖြင့် နတ်ပြည်သို့ ပင့်ဆောင်ခန်း၊ အဆောင်ဆောင် အခန်းခန်းများကို လှည့်လည်ပြသသည့် အခန်းများနှင့် အတူတကွ ငရဲခန်းများကိုပါ စုံစေ့အောင် ရေးခြယ်ထားရာ ငရဲခန်းချည့် သက်သက် ၁၃ ခန်း ပါဝင်သည်ကို တွေ့ရပေသည်။ဒုတိယ ပုရပိုဒ်ကြီးတွင် ဦးကြာညွန့်သည် နန်းမူနန်းရာ နန်းဓလေ့များကို ဦးစားပေး၍ ရေးခြယ်ထားသည်။ မြန်မာ့ရိုးရာအရ မြန်မာ့နန်းတွင်းတွင် ၁၂ ရာသီပွဲများ ကျင်းပပုံ အခမ်းအနားများကို ဆေးရောင်စုံဖြင့် ခြယ်မှုန်းထားသည်မှာ ရှုမငြီးစဖွယ် ဖြစ်ပေသည်။ ယင်းအခမ်းအနားများတွင် မင်း၊ မိဖုရားတို့သည်မောင်းမမိဿံ၊ ခြွေရံသင်းပင်းဖြင့် ထွက်တော်မူပုံများနှင့် တကွ မြေနန်းပြာသာဒ်ဆောင် အပါအဝင် အဆောင်ဆောင် အခန်းခန်းကိုပါ ရေးခြယ် တင်ပြထားပေသည်။ ယင်းပုရပိုက်ကြီး နှစ်ဆူပါ လက်ရာများကို ထောက်ရှု၍ ပန်းချီတော် ဦးကြာညွန့်၏ ပညာအခြေခံကိုသော် လည်းကောင်း၊ အတွေးအခေါ်ကိုသော် လည်းကောင်း၊ တီထွင်ဆန်းသစ်မှုကိုသော် လည်းကောင်း၊ စေ့စပ်သေချာပုံကိုသော် လည်းကောင်း အကဲခတ်နိုင်မည် ဖြစ်သည်။ အလောင်းဘုရား လက်ထက် ၁၇၅၆ ခုနှစ်ခန့်က အစပျိုးခဲ့ဟန်ရှိသည့် အနီးအဝေး စနစ်သည်လည်း ပန်းချီတော် ဦးကြာညွန့်တို့ လက်ထက်တွင် မည်မျှပြောင်းလဲ တိုးတက်လာခဲ့သည်ကို ပုရပိုက် လက်ရာများက သက်သေခံနိုင်ဖွယ် ရှိပေသည်။ မြန်မာမှုဆိုင်ရာ ကဏ္ဍအတွက်လည်း အားကိုးအားထား ပြုလောက်သော ပုရပိုက်ကြီးများ ဖြစ်ပေသည်။လွတ်လပ်ပြီးစ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးများ တောက်လောက်ချိန် ၁၉၄၉ ခုနှစ်တွင် နေမိဇာတ်တော် သရုပ်ဖော် ပုရပိုက်ကြီးသည် ပြင်သစ်နိုင်ငံ ဂီမေပြတိုက်ကြီးသို့ ရောက်ရှိခဲ့သည်။ နောက်ခြောက်နှစ်အကြာ ၁၉၅၅ ခုနှစ်တွင် နန်းတွင်းရှုခင်းနှင့် ၁၂ ရာသီပွဲတော်များ ပါဝင်သည့် ဒုတိယ ပုရပိုဒ်ကြီးသည်လည်း ဂီမေပြတိုက်ကြီးသို့ ရောက်ရှိသွားခဲ့ပြန်သည်။ မည်သို့သောနည်းဖြင့် လက်ခံ ရရှိခဲ့သည်ကို ပြတိုက်မှူးက ဖော်ပြထားခြင်း မရှိသော်လည်း စနစ်တကျ တန်ဖိုးထား ထိန်းသိမ်းထားရှိခဲ့သည်။ ပြတိုက်မှူးသည် နေမိဇာတ်တော်ကို ဘာသာပြန်ဆိုရန် အခက်အခဲ ဖြစ်နေစဉ် စာပေပါရဂူဘွဲ့ယူရန် ပြင်သစ်သို့ ရောက်ရှိနေသော ဆရာကြီး ဦးဂွမ်းလျောင် (မောင်ဖြူး) နှင့် ဆက်သွယ်မိခဲ့သည်။ ဆရာကြီး ဦးဂွမ်လျောင်သည် မြန်မာဘာသာမှ အင်္ဂလိပ် ဘာသာသု့ိ ပြန်ဆိုပေးခဲ့သည်။ ပြတိုက်မှူး မစ်ဒန်းနက်က အင်္ဂလိပ်ဘာသာမှ ပြင်သစ်ဘာသာသို့ ပြန်ဆို၍ ၁၉၅၂ ခုနှစ်တွင် နေမိဇာတ်တော်ကို စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ပြည်တွင်းရှိ ပန်းချီတော် ဦးကြာညွန့်၏ လက်ရာများသည်လည်း စစ်ဘေးစစ်ဒဏ်နှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။ ဆရာတော် ရွှေကိုင်းသား၊ ဆရာကြီး လူထုဦးလှတို့၏ ဖော်ထုတ်မှုကြောင့် ပန်းချီတော် ဦးကြာညွန့်ကို ပြည်သူများက တစ်ဖန် ကြားသိခဲ့ကြရသည်။ပန်းချီတော် ဦးကြာညွန့်သည် သီပေါမင်းလက်ထက်တွင် ပန်းချီတော် အဖြစ်ဆက်လက် အမှုထမ်းခဲ့ပြီး နှစ်နှစ်ခန့်အကြာတွင် ကွယ်လွန်ခဲ့လေသည်။ ပန်းချီတော် ဦးကြာညွန့် ကွယ်လွန်ပြီးနောက် ၁၈၈၁ ခုနှစ်တွင် သီပေါမင်းက ပန်းချီတော် ဦးကြာညွန့်၏ သားဖြစ်သူ ဆရာစာကို ပန်းချီတော်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ ပန်းချီတော် ဦးကြာညွန့်၏ မျိုးဆက်များနှင့် ပတ်သက်၍ မန္တလေးမြို့မှ ကာတွန်းပညာရှင် ဆရာဦးကံချွန်၏ လေ့လာချက်များအရ ပန်းချီတော် ဦးကြာညွန့်တွင် သားဆရာစာနှင့် သမီးဒေါ်ဆင့်တို့ ရှိကြောင်း သိရသည်။ ဒေါ်ဆင့်နှင့် ဦးလှဦးတို့ အကြောင်းပါရာ သားသုံးယောက်၊ သမီးခြောက်ယောက် ထွန်းကားခဲ့သည်။ သမီးခြောက်ယောက် အနက် ဒေါ်ရုပ်ဆိုး၊ ဒေါ်မျိုးနွယ်နှင့် ဒေါ်တိုးတို့သည် အဘိုးဖြစ်သူ ပန်းချီတော် ဦးကြာညွန့် ကဲ့သို့ပင် ပန်းချီပညာဖြင့် အသက်မွေးခဲ့သည်။ ဒေါ်မျိုးနွယ်သည် သားဦးကိုကြီးနှင့် သမီး ဒေါ်သိန်းတင်တို့ကို ဖွားမြင်ခဲ့သည်။ ပန်းချီတော် ဦးကြာညွန့်၏ မြစ်တော်စပ်သူ ဦးကိုကြီးသည် ပခုက္ကူခရိုင် မြောင်မြို့တွင် နေထိုင်လျက်ရှိကြောင်း ၁၉၇၀ ကျော်ခန့်က သိခဲ့ရသည်။ ယခုအချိန်တွင် ပန်းချီတော် ဦးကြာညွန့်၏ လက်ရာကို ပါရီတွင် လေ့လာနိုင်သကဲ့သို့ သားဖြစ်သူ ပန်းချီတော် ဆရာစာ၏ လက်ရာကို လန်ဒန်တွင် လေ့လာနိုင်မည် ဖြစ်သည်။ ပန်းချီတော် မျိုးဆက်များနှင့်ကား အဆက်အသွယ် မရရှိသေးပေ။ရည်ညွန်း။- ပန်းချီတော် ဦးကြာညွန့်၏ ခေတ်နှင့် သူ့လက်ရာ (ဦးမင်းနိုင်)။- ပါရီခရီးသည် ( ဝင်းပ)










