မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲ စတင်ဖွင့်လှစ်ပြီး ယခင်နှစ်များထက် ဘုရားဖူးလာရောက်သူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲ စတင်ဖွင့်လှစ်ပြီး ယခင်နှစ်များထက် ဘုရားဖူးလာရောက်သူများဖြင့် စည်ကား
Published 13 February 2016
အောင်သူငြိမ်း

ကျိုက်ထီးရိုး ဘုရားပွဲတော်ပြီးလျှင် မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံး ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုဖြစ်သည့် မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်သို့ သုံးမိုင်လမ်းမှ အဝင်မုခ်ဦးအသစ်နှင့် နှစ်ကျိပ်ရှစ်ဆူ ဘုရားအနီး သုံးထပ်သာသနာ့ဗိမာန်တို့ကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲနေ့တွင် ယခင်နှစ်များထက် ဘုရားဖူးများ ပိုမိုစည်ကားခဲ့ကြောင်း ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင်များထံမှ သတင်းရရှိသည်။မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိကြောင်း၊ ယခုနှစ် ပွဲတော်ကျင်းပမည့်ရက်သည် ၆၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲနေ့က ၁၀၈ ကွက်စက်လက္ခဏာများကို ရွှေသားအစစ်ပေါ်တွင် ထွင်းထုထားသည့် ခြေတော်ရာကြီးကို ပွဲတော်တွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်း၊ ထို့နောက် အထူးတံတားအနီးရှိ ပွဲတော်မုခ်ဦးကို နိုင်ငံတော် သံဃနာယက ဆရာတော်ကြီးနှင့် မကွေးတိုင်း သံဃနာယက ဆရာတော်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့နောက် မန်းချောင်းဝဲဘက်ရှိ အောက်ခြေတော်ရာကို ဖုံးအုပ်ထားသည့် ဖန်အုပ်ဆောင်းကို ဖွင့်လှစ်ပေးခဲ့ပြီး သစ္စာဗန္ဓတောင်တော်ပေါ်ရှိ အထက်ခြေတော်ရာအား ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဖွင့်ပွဲသို့ လာရောက်သော ဘုရားဖူးများသည် ပွဲတော်တွင်းသာမက အထက်စက်တော်ရာ တောင်တော်ပေါ်၌ပါ  ပြည့်ကျပ်သည်အထိ စည်ကားခဲ့ကြောင်း သိရသည်။“အခုနှစ်မှာ ပွဲတော်ချိန် မစခင်ကတည်းက ဘုရားဖူးတွေ လာတာများပါတယ်။ ဖွင့်ပွဲနေ့မှာလည်း အရင်နှစ်တွေထက် ပိုစည်ပါတယ်။ ဒါပေမဲ့ ပွဲတော်ဖွင့်ပွဲမတိုင်မီ တစ်ရက်မှာကိုပဲ တဲကျောင်း (တည်းခိုဆောင်) ခတွေက တစ်ခန်းကို ကျပ် ၅၀၀၀၀ ကနေ ၇၀၀၀၀ အထိတောင်းကြပါတယ်။ တကယ်တမ်း ဂေါပကအဖွဲ့ သတ်မှတ်ဈေးထက် နှစ်ဆလောက် ပိုတဲ့ဈေးတွေပါ။ ပြီးတော့ ဘုရားဖူးဖို့ လာတဲ့သူတွေကို ပွဲတော်ဝင်ကြေးဆိုပြီး သုံးမိုင်လမ်းက အဝင်မှာရော၊ ငဖဲဘက်က အဝင်မှာပါ တောင်းနေတာကလည်း မလုပ်သင့်တဲ့ ကိစ္စပါ။ အခုနှစ်မှာ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးလည်း အသစ်ပြောင်းထားတော့ အဲဒီလို မတော်မတရား ဈေးတောင်းတာတွေကို ကိုင်တွယ်လိမ့်မယ် ထင်ပေမယ့် မထူးပါဘူး” ဟု မင်းဘူးမြို့မှ ပွဲတော်သို့ နှစ်စဉ်လာရောက်လေ့ရှိသူ တစ်ဦးက ဆိုသည်။ရွှေစက်တော်ပွဲတော်မှ အမည်မဖော်လိုသူ သြဝါဒါစရိယ ဆရာတော်တစ်ပါးက “ရွှေစက်တော်မှာ ဖြစ်ပျက်နေတဲ့ နှစ်စဉ်နှစ်တိုင်း အသံကြားရတဲ့ တဲကျောင်းခတွေ အဆမတန်ဖြစ်တာတွေ၊ လေလံချထားမှုမှာ ပွင့်လင်းမြင်သာ မရှိဘူးဆိုတာတွေကို ထိထိရောက်ရောက် ပြုပြင်ချင်ရင် အခုလက်ရှိ ကျင့်သုံးနေတဲ့ ဂေါပကဖွဲ့စည်းရေး ဥပဒေတွေကို အရင်ပြောင်းမှရပါမယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကပဲ ဂေါပကဥက္ကဋ္ဌ လုပ်ရမယ်ဆိုတော့ နှစ်စဉ်လိုပဲ အာဏာပိုင်ကို အပိုင်ပေါင်းတဲ့လူတွေက လုပ်ချင်သလို လုပ်ကိုင်ခွင့် ရနေကြတာပါ” ဟုမိန့်ကြားသည်။ယခုနှစ် ရွှေစက်တော် ပွဲတော်အတွင်း လမ်းများတွင် ဘုရားဖူးကားနစ်မှုများလည်း ရှိခဲ့ကြောင်း၊ ပွဲတော်ကွင်းအတွင်း အူရီဒူးနှင့် တယ်လီနောဖုန်းလိုင်းများ လုံးဝဆက်သွယ်မရကြောင်း၊ ပွဲတော်တွင်းသို့ သုံးမိုင်လမ်းမှ ဆိုင်ကယ်ဝင်ရောက်ခများကို တစ်စီးလျှင် ကျပ် ၅၀၀ နှုန်းဖြင့် နှစ်ကြိမ်တောင်းဆိုမှုများ ရှိခဲ့ကြောင်း၊ ပွဲတော်တွင်း ဆိုင်ခန်းများသည် ရှေ့မျက်နှာစာနှင့် မန်းချောင်းပေါ်အထိ ပေ ၂၀ ကျော်ခန့် ချဲ့ထားသောကြောင့် လူသွားလမ်းနှင့် ကားများသွားလာရန် အဆင်မပြေမှုများ ရှိနေကြောင်း၊ မန်းချောင်းအတွင်း ပန်းကန်နှင့် ထမင်းအိုး၊ ဟင်းအိုးများ တိုက်ရိုက်ဆေးချသူများကြောင့် မန်းချောင်းအတွင်း ဆီများဝေ့နေကြောင်း၊ ပွဲတော်တွင်း တဲကျောင်းများ လုပ်ကိုင်ခွင့် ချထားပေးမှုတွင်လည်း ယခင်နှစ်များကဲ့သို့ပင် ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့သောကြောင့် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။မင်းဘူးမြို့မှ ရွှေစက်တော်ဖွင့်ပွဲသို့ လာရောက်သည့် ဘုရားဖူးတစ်ဦးက “ကျွန်တော်တို့ ပွဲတော်အဝင်ဝမှာ ပွဲတော်ဝင်ကြေး ကောက်သူတွေကို ကားကြီးတစ်စီးကို ဘယ်လောက်လဲမေးတော့ ကျပ် ၂၀၀၀ လို့ပြောပါတယ်။ ပွဲတော်ထဲဝင်တဲ့ ကားကြီးတစ်စီးက ကားမောင်းသူကိုမေးတော့ ကျပ် ၃၀၀၀ ပေးခဲ့ရတယ် ပြောပါတယ်။ အဲဒီလိုဖြစ်နေတာတွေ ကျွန်တော့်ဆီမှာ ဗီဒီယိုဖိုင်ပါ ရှိပါတယ်။ ဒါက ပွဲတော်အစပဲ ရှိသေးတာပါ။ ဘုရားဖူးတွေ စည်ရင်စည်သလို စီးပွားရေးသက်သက် လုပ်စားတာတွေက ဘုရားဖူးလာသူတွေကို စိတ်ငြိုငြင်စေသလို ဒေသခံတွေ အတွက်လည်း အရှက်ရစေပါတယ်” ဟု ပြောကြားသည်။ရွှေစက်တော် ပွဲတော်သို့ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှ လာရောက်သည့် အရှိုချင်းတိုင်းရင်းသား ဆလိုင်းသိန်းမောင်က “ကျွန်တော်တို့ အရှိုချင်းတိုင်းရင်းသားတွေစုပြီး ပွဲတော်ဖွင့်ပွဲကိုလာတာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပါပြီ။ ကျွန်တော်တို့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး တစ်စုတစ်စည်းတည်း ဘုရားဖူးကြတာပါ။ ရွှေစက်တော် ဘုရားနားမှာ ချင်းဘုရားလည်းရှိတော့ ချင်းတိုင်းရင်းသားတွေ စုဝေးလာရောက်ကြတာပါ” ဟု ပြောကြားသည်။ရွှေစက်တော် ပွဲတော်သို့ အစိုးရ ရုံးပိတ်ရက်များ၊ တပေါင်းလပြည့်နေ့၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးစရက်များနှင့် သင်္ကြန်ရက်များတွင် ဘုရားဖူးသိန်းနှင့်ချီ လာရောက်လေ့ရှိကြောင်း၊ ရွှေစက်တော်ပွဲတော်သို့ လာရောက်သော ဘုရားဖူးများသည် မကွေးမြသလွန် စေတီတော်၊ မင်းဘူးမြို့ စက္ကတဲ စေတီတော်နှင့် နဂါးပွက်တောင်၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ စေတီတော်များသို့လည်း ဝင်ရောက်ဖူးမြော်လေ့ရှိကြောင်း၊ ဘုရားဖူး အစည်ကားဆုံးနေ့များတွင် တဲကျောင်းခများ အဆမတန် တောင်းခံမှုကို နှစ်စဉ်ကြုံတွေ့နေရသော်လည်း ထိရောက်စွာ မကိုင်တွယ်ခြင်းအပေါ် ဒေသခံများက ရွှေစက်တော် ဂေါပကအဖွဲ့နှင့် အာဏာပိုင်များအား ဝေဖန်မှုများရှိနေကြောင်း၊ စကုမြို့မှ ဦးနေမျိုးကျော် ဦးဆောင်၍ ပွဲတော်တွင်း တဲကျောင်းခများ အဆမတန်တောင်းလျှင် တိုင်ကြားနိုင်ရန် လက်ကမ်းကြော်ငြာများ ဘုရားဖူးများထံ ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent