ရာသီက နှင်းနှင့်မြူတို့ လုံးထွေးသတ်ပုတ်သည့်အကြား အရောင်စုံသစ်ရွက်တို့ ကြွေကျရလေ့ရှိသော ရာသီ။ ဌာနေက အညာမြေဟုဆိုသော်ငြား မကွေးတိုင်း အနောက်ခြမ်း ရခိုင်ရိုးမ၏ အရှေ့ဖျားဆုံးတောင်စွယ်များ အခြေမန်းချောင်း ရစ်ခွေထားသည့်နေရာ။ တောင်တန်းများ ပတ်ပတ်လည် ကာရံထားသည့်အကြား အညာအငွေ့အသက်နှင့် စမ်းရေစီးသံတို့ ရောယှက်ထားခြင်းက လူသားများစွာကို မြှူဆွယ်နိုင်လွန်းသည်ထက် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာနှစ်ဆူ တည်ရှိနေခြင်းက ဗုဒ္ဓဘာသာဝင်များစွာတို့၏ ဖူးရောက်လိုမှုကို ပိုမိုနှိုးဆော်နိုင်လေ့ရှိသည်။ ထိုနေရာ၌ မန်းချောင်း၏ ယာဘက် သစ္စာဗန္ဓတောင်တော်ပေါ်တွင် တည်ရှိသော အထက်စက်တော်ရာနှင့် ထိုတောင်တော်၏ အခြေမန်းချောင်း ဝဲဘက်ကမ်းတွင် တည်ရှိသော အောက်စက်တော်ရာတို့ကြောင့် မန်းရွှေစက်တော်ဟု ခေါ်တွင်လေ့ရှိသည်။ ထိုဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ ရက်ရှည်ကျင်းပလေ့ရှိသည်။ ၂၀၁၆ ခုနှစ်အတွက် မန်းရွှေစက်တော်ပွဲတော်ကြီး ဖွင့်လှစ်မည့်ရက်သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည်။ယခုနှစ် ပွဲတော်ဖွင့်ပွဲရက်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်မြောက် မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုတိုက်ဆိုင်မှုအပြင် ဖေဖော်ဝါရီ ၁၃ ရက်မတိုင်မီ ပြည်ထောင်စုနေ့နှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ ဆက်၍ တိုက်ဆိုင်နေသောကြောင့် ရွှေစက်တော်ပွဲတော် ဖွင့်ပွဲနေ့တွင် ယခင်နှစ်များက ဖွင့်ပွဲနေ့များထက် ပိုမိုစည်ကားမည်မှာ မလွဲဧကန်ဖြစ်သည်။ ရွှေစက်တော်ပွဲတော် ဖွင့်ပွဲနေ့တွင် အောက်ခြေတော်ရာကို စတင်ဖွင့်လှစ် အပူဇော်ခံလေ့ရှိသည်။အောက်ခြေတော်ရာသည် မန်းချောင်း၏ ဝဲဘက်ချောင်းကမ်း နဖူးတွင် တည်ရှိသောကြောင့် မိုးရာသီတွင် နှစ်စဉ်နီးပါး ခြေတော်ရာပေါ်သို့ ချောင်းရေများ ဖုံးလွှမ်းလေ့ရှိသည်။ ထို့ကြောင့် နှစ်ဆန်း ၁ ရက်နေ့ ပွဲတော်ပိတ်ပွဲနှင့်အတူ အောက်ခြေတော်ရာအား ဖုံးအုပ်ထားလေ့ရှိသည်။ ယခင်က အောက်ခြေတော်ရာအား သံအုပ်ဆောင်းဖြင့် ဖုံးအုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှစ၍ အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် အစားထိုးခဲ့သည်။ ထိုအလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် အစားထိုးရသည့် ရည်ရွယ်ချက်မှာ ပွဲတော်ချိန်ပြင်ပ လာရောက်သော ဘုရားဖူးများအနေဖြင့် ခြေတော်ရာအား မြင်တွေ့ဖူးမြော်နိုင်ရန် ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် မိုးရာသီအကုန်က အလင်းပေါက် ဖန်အုပ်ဆောင်းအတွင်း ပေါင်းပင်၊ မြက်ပင်ငယ်များ ပေါက်နေခဲ့သောကြောင့် ခြေတော်ရာအား ထိခိုက်မိမည်ကို စိုးရိမ်သူများလည်း ရှိနေသည်။ရွှေစက်တော်သည် မကွေးတိုင်း မင်းဘူး (စကု) မြို့နယ်အတွင်း တည်ရှိပြီး ငဖဲမြို့နှင့် အနီးဆုံးဖြစ်သည်။ ထိုပွဲတော်သို့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ လာရောက်ကြသူများက မကွေးမြို့မှ တစ်ဆင့် လာရောက်လေ့ရှိကြသည်။ မကွေးမြို့မှ ဧရာဝတီတံတား (မကွေး) ကိုဖြတ်၍ မင်းဘူးမြို့မှ တစ်ဆင့် သွားရောက်ကြသည်။ မင်းဘူးမြို့မှ မင်းဘူး-အမ်းကားလမ်းသို့ လိုက်၍ လေးပင်ကျေးရွာအလွန်တွင် ရွှေစက်တော်သို့ သွားသည့်လမ်းနှင့် ငဖဲမြို့သို့ သွားသည့်လမ်းခွဲ ရှိသည်။ လေးပင်ကျေးရွာအလွန်မှ ရွှေစက်တော် လမ်းခွဲအတိုင်း ငါးမိုင်ခန့် လိုက်သောအခါ ပုသိမ်-မုံရွာကားလမ်းနှင့် ဆုံမိသည်။ ပုသိမ်-မုံရွာ ကားလမ်းမှ မုံရွာဘက်သို့ လိုက်ပြီး ခုနစ်မိုင်ခန့်အကွာတွင် ရွှေစက်တော်သို့ သွားသည့် သုံးမိုင်လမ်းဆုံသို့ ရောက်သည်။ သုံးမိုင်လမ်းသည် ပွဲတော်ချိန်တွင်သာ သွားရောက်နိုင်သော လမ်းဖြစ်သည်။မိုးရာသီနှင့် ပွဲတော်ချိန်ပြင်ပအချိန်များတွင် ရွှေစက်တော်သို့ သွားလိုပါက ပုသိမ်မုံရွာလမ်းနှင့် လေးပင်ကျေးရွာလမ်းဆုံမှ ပုသိမ်ဘက်သို့ လိုက်ကာ ငါးမိုင်လမ်းခွဲမှတစ်ဆင့် သွားရောက်နိုင်သည်။ ရွှေစက်တော်ပွဲတော်သို့ ဧရာဝတီတိုင်း မှ လာရောက်ကြသူများနှင့် ရန်ကုန်နှင့် ပြည်တို့မှ လာရောက်ကြသူ အချို့က ပုသိမ်-မုံရွာကားလမ်းမှ တစ်ဆင့် လာရောက်ကြလေ့ရှိသည်။ ရခိုင်ပြည်နယ်မှ လာရောက်ကြသူများက မင်းဘူး-အမ်း ကားလမ်းမှတစ်ဆင့် လာရောက်ကြလေ့ရှိသည်။
ယခုနှစ် ရွှေစက်တော် ပွဲတော်ကာလအတွက် ဆောက်လုပ်နေဆဲ တဲကျောင်းများကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရဲဝင့်သူ)“ပွဲတော်မှာ အရင်နှစ်တွေထက် ထူးခြားတာက အခုနှစ်ပွဲတော် ဖွင့်ပွဲရက်မတိုင်မီ ဖေဖော်ဝါရီ လဆန်းကတည်းက ဘုရားဖူးလာရောက်သူတွေ များပါတယ်။ ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်နေ့) ဆိုရင် ဘုရားဖူးလာသူတွေ သိသိသာသာကို များပါတယ်။ ပွဲတော်ဖွင့်ပွဲနေ့မှာလည်း တစ်နှစ်ထက် တစ်နှစ် ဘုရားဖူးတွေ ပိုပိုစည်ကားလာပါတယ်။ ဒါပေမဲ့ ပွဲတော်ကို ဘုရားဖူးတွေကျရင် ကျသလို တဲကျောင်း (တည်းခိုဆောင်) ခတွေ အဆမတန် တောင်းတာတွေ၊ ဘုရားဖူးဖို့လာသူတွေကို ပွဲတော်ဝင်ကြေးဆိုပြီး ကောက်ခံနေတာတွေက မသင့်လျော်ပါဘူး။အခုနှစ်မှာ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးလည်း အသစ်ပြောင်းလာတော့ ပွဲတော်အတွင်းမှာ နှစ်စဉ်ချပေးနေကျ ဌာနဆိုင်ရာ တဲကျောင်းတွေကို ချမပေးတော့တာလည်း ထူးခြားပါတယ်။ အရင်နှစ်တွေကလည်း ဌာနဆိုင်ရာအတွက်လို့သာ ချပေးခဲ့ပေမယ့် အဆင့်ဆင့် ပြန်ရောင်းကြတော့ ဘုရားဖူးတွေ အစည်ဆုံးအချိန်ဆို တဲကျောင်းခတွေက အဆမတန်တွေ ဖြစ်ကုန်တော့တာပါ။ အခုနှစ်မှာတော့ အစိုးရအပြောင်းအလဲလည်း ဖြစ်မှာဆိုတော့ ကျွန်တော်တို့က ပွဲတော်ထဲက မတော်လောဘဆန်တဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်စေချင်ပါတယ်”ဟု မင်းဘူးမြို့မှ ရွှေစက်တော်ပွဲတော်တွင် နှစ်စဉ်ဈေးရောင်းလေ့ရှိသူ တစ်ဦးက ပြောကြားသည်။“ရွှေစက်တော်ပွဲတော်ကို မရောက်ပါဘူးဆို တစ်နှစ်ကို တစ်ခေါက်တော့ မဖြစ်မနေ သွားဖြစ်ပါတယ်။ ပွဲတော်ကို သွားဖြစ်တာက ဗုဒ္ဓခြေတော်ရာနှစ်ဆူကို ဖူးတွေ့ချင်တာက အဓိကအကြောင်းရင်းပေါ့။ ပြီးတော့ မကွေးလို အပူပိုင်းဇုန်ထဲမှာ ဒီလို တောတောင်ရေမြေ သဘာ၀ အလှတွေကို တွေ့မြင်ခံစားရပြီး မန်းချောင်းထဲမှာ ရေချိုးရတာက အပန်းဖြေခရီးတစ်ခု ထွက်ရသလို စိတ်ကြည်နူးရလို့ပါ။ တကယ်က ရွှေစက်တော် ဘေးမဲ့တောထဲမှာ ကမ္ဘာမှာတောင် ရှားပါးစာရင်းဝင်နေပြီဖြစ်တဲ့ ရွှေသမင်တွေ၊ ကြယ်လိပ်တွေလည်း ရှိနေတော့ ကမ္ဘာလှည့်ခရီးသွားတွေကိုတောင် ဆွဲဆောင်နိုင်ပါတယ်”ဟု မကွေးမြို့မှ ဒေသခံတစ်ဦးက ရွှေစက်တော်ပွဲတော်အပေါ် ခုံမင်မှုကို ပြောပြသည်။ရွှေစက်တော်ဘုရားဝန်းကျင်သည် ရွှေစက်တော် ဘေးမဲ့တောနှင့် ဘေးမဲ့ ကာကွယ်တောဧရိယာများ ဖြစ်သည်။ ရွှေစက်တော်ဘေးမဲ့တောသည် မင်းဘူး၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ မြို့နယ်လေးခု ထိစပ်ပါဝင်နေပြီး ကမ္ဘာ့ရှားပါးစာရင်းဝင် ရွှေသမင်၊ ကြယ်လိပ်၊ စွေ့၊ နဖားကြူး စသည့် ငှက်များပါ ရှင်သန်ကျက်စားလျက် ရှိသည်။ ထို့အပြင် ယင်းဘေးမဲ့တော ဧရိယာအတွင်း ချင်းလူမျိုးတို့၏ သဘာဝအတိုင်း နေထိုင်မှု ဓလေ့စရိုက်များနှင့် Dry Zone Economic စနစ်ကိုလည်း လေ့လာနိုင်သည်။ ရွှေစက်တော်ပွဲတော်တွင်း အောက်ခြေတော်ရာ အနီးတွင် သစ်တောဦးစီးဌာနက ရွှေသမင်နှင့် ကြယ်လိပ်များကို နှစ်စဉ် ပြခန်းဖြင့် ပြသထားလေ့ရှိသည်။ ၂၀၁၄ ခုနှစ်မှစ၍ ရွှေစက်တော်ပွဲတော်သို့ သုံးမိုင်လမ်းမှအဝင် လှေတင်တံတားအနီးတွင် ရွှေသမင်များအား ဆာဖာရီဥယျာဉ်ဖြင့် ပြသထားပြီး ဘုရားဖူးလာသူများ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ရွှေစက်တော်ပွဲတော်သို့ ရပ်ဝေးမှ လာရောက်ကြသည့် ဘုရားဖူးအများစုက မကွေးမြသလွန်စေတီ၊ မင်းဘူးမြို့မှ နဂါးပွက်တောင်၊ စက္ကတဲဘုရားနှင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာစေတီများသို့လည်း သွားရောက်ဖူးမြော်လေ့ရှိကြသည်။ ရွှေစက်တော်ပွဲတော်သို့ နိုင်ငံအနှံ့မှ ဘုရားဖူးများ လာရောက်လေ့ရှိကြသည်နှင့်အမျှ ထိုသူတို့ကို မှီခို၍ စီးပွားရှာသူများစွာလည်း လာရောက်လေ့ရှိကြသည်။ ထိုပွဲတော်သို့ စီးပွားရှာရန် လာရောက်ကြသူများတွင် ဆယ့်နှစ်ပွဲဈေးသည်များသာမက မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ မြို့နယ်များအတွင်း ကျေးရွာများစွာကအထိ လာရောက်ကြလေ့ရှိသည်။ မကွေးတိုင်းအတွင်း ကျေးရွာအများစုတွင် နွေရာသီရောက်သည်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြသည့်အတွက် ရက်ရှည်ကျင်းပသည့် ရွှေစက်တော်ပွဲတော်သို့ လာရောက်မှီခိုကြခြင်း ဖြစ်သည်။ ဘုရားဖူးများ အစည်ကားဆုံးနေ့များတွင် လူဦးရေ သိန်းနှင့်ချီ ရှိတတ်သောကြောင့် ရွှေစက်တော်ပွဲတော်သို့ လာရောက်စီးပွားရှာသူများတွင်လည်း လုပ်ငန်းမျိုးစုံ ရှိကြသည်။ပွဲတော်မတိုင်မီ တဲကျောင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ရန် သစ်ဝါးခုတ်ခြင်း၊ သက်ကယ်ရက်ခြင်းလုပ်ငန်းများအစ ပွဲတော်ချိန်တွင် ရေနွေး၊ အကြော်၊ ထမင်း၊ ဟင်းများရောင်းချခြင်း လုပ်ငန်းများအဆုံး အဝတ်အငှားလျှော်ခြင်း၊ တဲကျောင်းများအတွက် ဘုရားဖူးခေါ်ပေးသည့် ဧည့်ကြို (ဒေသအခေါ် ရွှေကြို) လုပ်ငန်း၊ ဝါးသေနတ်၊ ဝါးဓားနှင့် ရေစီးဘောကွင်းများရောင်းချခြင်း၊ အနှိပ်သည်လုပ်ခြင်းများအဆုံး လုပ်ငန်းများစုံလှသည်။ ပေါက်နှင့် လက်ပံတို့က ရဲရဲတောက်ပွင့်ပြရန် အားပျိုးနေချိန်တွင် သစ်ပင်အများစုက ရင့်ရော်စရွက်ဖတ်များကို သူတို့ခန္ဓာမှ ခွာချ စပြုနေကြပြီ။ ဆောင်းအကုန် နွေအကူး ရာသီ ထိုသို့သော အငွေ့အသက်များ ထုံမွမ်းလာချိန်တွင် အနောက်ရိုးမ၏ အရှေ့ဖျားဆုံး တောင်စွယ်များအလယ် သစ္စာဗန္ဓတောင်တော်ဝန်းကျင်၌ မန်းချောင်းက နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားသည့်အကြားမှ ပွဲတော်တစ်ခု က ရုန်းကြွသက်ဝင်လာလေ့ရှိသည်။ မန်းရွှေစက်တော်…တဲ့။အမှန်တကယ်တော့ ပွဲတော်တစ်ခုဆိုခြင်းထက် တောတောင်ရေမြေ သဘာဝများက ဆွဲဆောင်မှုအားကောင်းလှသည်ထက် မြတ်ဗုဒ္ဓ၏ ခြေတော်ရာ နှစ်ဆူကို ဦးခိုက်ဖူးမြော်ရခြင်းက ရင်အစုံကို အေးမြမှုတို့ လွှမ်းခြုံလေ့ရှိခဲ့ပြီ မဟုတ်ပါလား…။










