မိုးကုတ်တွင် တစ်နိုင်တစ်ပိုင် ကျောက်လုပ်ကွက်များ လုပ်ကိုင်ခွင့် နည်းပါးခြင်းကြောင့် ဒေသထွက်ကျောက်ရှားပြီး ထာပွဲကျောက်မျက်ဈေး၌ အရောင်းအဝယ်အေး

မိုးကုတ်တွင် တစ်နိုင်တစ်ပိုင် ကျောက်လုပ်ကွက်များ လုပ်ကိုင်ခွင့် နည်းပါးခြင်းကြောင့် ဒေသထွက်ကျောက်ရှားပြီး ထာပွဲကျောက်မျက်ဈေး၌ အရောင်းအဝယ်အေး
Published 7 February 2016
အောင်သူ

မိုးကုတ်ဒေသတွင် အခြေခံ လူတန်းစားများ လုပ်ကိုင်နိုင်သော တစ်နိုင်တစ်ပိုင် ကျောက်လုပ်ကွက်များ လုပ်ကိုင်ရန် အခွင့်အလမ်း နည်းပါးခြင်းကြောင့် ဒေသထွက်ကျောက် ရှားပါးပြီး ထာပွဲကျောက်မျက်ဈေး၌ အရောင်းအဝယ် အေးလျက်ရှိကြောင်း ဒေသခံ ကျောက်မျက်ကုန်သည်များထံမှ သိရသည်။မိုးကုတ်မြို့တွင် မန္တလေး ကျောက်ဝိုင်းကဲ့သို့ ကျောက်ပွဲစားများ၊ ကျောက်ကုန်သည်များ၊ ကျောက်အရောင်းအဝယ်သမားများ တွေ့ဆုံ၍ ကျောက်မျက်ရတနာမျိုးစုံ ရောင်းဝယ်မှု ပြုလုပ်သည့် ထားပွဲဈေးရှိရာ အဆိုပါ ဈေးကွက်တွင် မိုးကုတ်ဒေသမှ ထွက်ရှိသော ကျောက်ရှားပါးခြင်းကြောင့် အများစုမှာ အရောင်းအဝယ် အေးလျက်ရှိပြီး ယခုအခါ အခြားဒေသမှ ထွက်ရှိသော ကျောက်အနည်းငယ်သာ အရောင်းအဝယ် ပြုလုပ်နေရကြောင်း သိရသည်။“မိုးကုတ်ဒေသမှာ အခြေခံ လူတန်းစားတွေအတွက် တစ်နိုင်တစ်ပိုင် အသေးစား လုပ်ကွက်တွေ ချထားပေတယ်လို့ ဆိုပေမယ့် တကယ့် လက်တွေ့မှာက တော်တော်များများ မလုပ်နိုင်ကြဘူး။ မြေနေရာဝယ်ဖို့အတွက် ကျတော့လည်း လက်လုပ်လက်စားတွေ အနေနဲ့ အရင်းအနှီး မထုတ်နိုင်ဘူး။ မြေရှိပြီးသားလူတွေ တကယ်လုပ်မယ်ဆိုတော့ ကျောက်မျက်ရုံးကို သွားလျှောက်တဲ့အခါ စည်ပင်ပိုင် နယ်နိမိတ် ဖြစ်နေလို့ ဌာနဆိုင်ရာ မူဝါဒတွေနဲ့ ငြိနေလို့ဆိုပြီး လုပ်စားခွင့် မရကြဘူး။ အဲဒီ အခြေအနေမှာ ထာပွဲဈေးမှာ ဒေသထွက်ကျောက်ရှားပြီး အရောင်းအဝယ်လည်း အေးနေတယ်” ဟု မိုးကုတ်မြို့မှ ကျောက်ကုန်သည် ဒေါ်ဖြူဖြူက ပြောကြားသည်။ဒေသခံများ တစ်နိုင်တစ်ပိုင် အသေးစားကျောက်ထုတ်ခွင့် လျှောက်ထားသည့် ဌာနဆိုင်ရာ အချို့နယ်နိမိတ် ဖြစ်နေသော မြေနေရာများတွင် ယခုအခါ ဖက်စပ် အကျိုးတူ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်ကြီးများက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံ ကျောက်မျက်လုပ်ကိုင်သူများထံမှ သိရသည်။“ထားပွဲမှာ ရှိနေတဲ့ ကျောက်သမား အများစုကတော့ အရောင်းအဝယ် မဖြစ်ကြဘူး။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်တုန်းကဆိုရင် အောက်ခြေပိုင်းကအစ ကျောက်အရောင်းအဝယ်ဖြစ်တော့ လူတန်းစားမရွေး ငွေလည်ပတ်ပြီး အဆင်ပြေကြတယ်။ အခု ကျောက်ရှားပြီး အရောင်းအဝယ်က ညပ်နေတာ။ တစ်လနေလို့မှ အရည်အသွေးကောင်းပြီးလှတဲ့ မိုးကုတ်ဒေသထွက် ကျောက်တစ်ပွင့် ရဖို့ မလွယ်ဘူး။ မြစ်ကြီးနား နမ့်ယားဒေသကထွက်တဲ့ အနီကျောက်လေးတွေပဲ ထာပွဲမှာ အရောင်းအဝယ် လုပ်နေကြတာ တွေ့ရတယ်။ မနှစ်တုန်းက တရုတ်က အဓိကဝယ်တဲ့ ပယင်းကျောက်လေးတွေ အရောင်းအဝယ် ဖြစ်တယ်။ အခု ပယင်းကိုလည်း တရုတ်က အဝယ်နည်းတော့ အရောင်းအဝယ် အေးသွားတယ်” ဟု ပန်းခြံ ထာပွဲကျောက်မျက်ဈေးမှ ကျောက်ကုန်သည် တစ်ဦးက ပြောကြားသည်။လွန်ခဲ့သည့် သုံးလေးနှစ်ခန့်က မိုးကုတ်မြို့၏ ကျောက်မျက် အရောင်းအဝယ် အခြေအနေမှာ တစ်နှစ်ပတ်လုံး အနေဖြင့် မိုးဦးကာလ၊ ပွင့်လင်းရာသီနှင့် ယခုကဲ့သို့ အချိန်များတွင် အရောင်းအဝယ် ကောင်းမွန်တတ်ပြီး လက်ရှိ အရောင်းအဝယ် အခြေအနေမှာ ယင်းကဲ့သို့ အချိန်ရာသီများအလိုက် ကောင်းမွန်လေ့ မရှိတော့ကြောင်း သိရသည်။

Most Read

Most Recent