၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီအထိ ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းရှစ်သောင်းနီးပါး လျော့ကျပြီး တန်ဖိုး ဒေါ်လာ ၇၂ သန်း လျော့ကျ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီအထိ ပြည်ပသို့ ဆန်တင်ပို့မှု ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းရှစ်သောင်းနီးပါး လျော့ကျပြီး တန်ဖိုး ဒေါ်လာ ၇၂ သန်း လျော့ကျ
Published 7 February 2016

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် တန်ချိန်အားဖြင့် ၉၄၀၄၇၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄၄ သန်း ရရှိထားသဖြင့် ယခင်နှစ် ကာလတူထက် တန်ချိန်အားဖြင့် ၁၈၀၀၀၀ နီးပါး လျော့ကျပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇၂ သန်း လျော့နည်းနေကြောင်း ဖေဖော်ဝါရီ  ၅ ရက်က UMFCCI ၌ကျင်းပသည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲမှ သိရသည်။ယခုနှစ် ဇန်နဝါရီအထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုထက် ၁၇၅၈၀၅ တန် လျော့နည်းပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇၂ သန်း လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း၊ ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ မြန်မာ့ဆန်စပါးသမိုင်းနှင့် ဆန်စပါး ဈေးကွက်၏ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် စာတမ်းအရ သိရသည်။မြန်မာနိုင်ငံမှ ပြည်ပသို့ နှစ်အလိုက် ဆန်တင်ပို့မှုကို လေ့လာပါက ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၈၉၅၈၉၇ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၇၉ သန်း ရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၅၂၇၀၀၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၉၄ သန်း ရရှိခဲ့သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၇၉၁၀၈၇ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၈ သန်းရရှိခဲ့သည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၁၃၃၄၂၆၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၂၈ သန်း ရရှိခဲ့ကြောင်း သိရသည်။၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၁၀၆၆၄၁၄ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၁၈၁၂၀၀၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၄ သန်း ရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပတင်ပို့မှုတွင် ဆန်စပါး ကုန်သွယ်မှုမှာ တက်လာပြီး ထုတ်လုပ်မှု ကျဆင်းလာကြောင်း သိရသည်။

Most Read

Most Recent