၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ရန်ကုန်နှင့် သီလဝါ ဆိပ်ကမ်းများသို့ အထွေထွေနှင့် ကုန်သေတ္တာတင် နိုင်ငံခြားသင်္ဘော ဝင်ရောက်မှု ၂၂၅၀ စင်းခန့်ရှိနိုင်မည်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ရန်ကုန်နှင့် သီလဝါ ဆိပ်ကမ်းများသို့ အထွေထွေနှင့် ကုန်သေတ္တာတင် နိုင်ငံခြားသင်္ဘော ဝင်ရောက်မှု ၂၂၅၀ စင်းခန့်ရှိနိုင်မည်
Published 6 February 2016
ရွှန်းလဲ့ဝင်း

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါ ဆိပ်ကမ်းများသို့ အထွေထွေနှင့် ကုန်သေတ္တာတင် နိုင်ငံခြားသင်္ဘောကြီးများ ဝင်ရောက်မှု ၂၂၅၀ စီးခန့် ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။၂၀၁၅ ဘဏ္ဍာနှစ် စတင်သည့် ဧပြီလဆန်းမှ ဒီဇင်ဘာလကုန်ပိုင်းအထိ အထွေထွေနှင့် ကုန်သေတ္တာတင် နိုင်ငံခြားသင်္ဘောကြီးများ ဝင်ရောက်မှု ၂၂၀၀ နီးပါးရှိပြီး ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ၂၂၅၀ ခန့်ရှိလာနိုင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်သည် ၁၀ နှစ်တာအတွင်း ရန်ကုန်ဆိပ်ကမ်းများ ကုန်သေတ္တာ ကိုင်တွယ်မှု လေးဆကျော်နှင့် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်မှု နှစ်ဆကျော် တိုးတက်ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။“ပြီးခဲ့တဲ့၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ရန်ကုန်ဆိပ်ကမ်းများရဲ့ ကုန်သေတ္တာ ကိုင်တွယ်မှု အများဆုံးဖြစ်ပြီး မက်ထရစ်တန် ထောင်ပေါင်း ၉၀၇၈ ဒသမ ၇၄၇ တန်အထိ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ၁၀ နှစ်တာကာလအတွင်း လေးဆကျော် တိုးတက်ခဲ့ပါတယ်။ အခုဘဏ္ဍာနှစ် ကုန်ပိုင်းမှာတော့ တွက်ချက်မှုတွေအရ အထွေထွေနဲ့ ကုန်သေတ္တာတင် နိုင်ငံခြားသင်္ဘော ၂၂၅၀ စီးခန့် ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ထို့ပြင်၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ဝင်ထွက်ဆိုက်ကပ်မှုမှာလည်း နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် နိုင်ငံ၏ ပို့ကုန်သွင်းကုန် ၈၅ ရာခိုင်နှုန်းအထိ လက်ခံဆောင်ရွက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ဝင်ထွက်ဆိုက်ကပ်မှု မြင့်တက်ခဲ့သည်သာမက ကုန်သေတ္တာ ကိုင်တွယ်မှုနှင့် ကုန်စည်ကိုင်တွယ်မှုတွင်လည်း အသီးသီး မြင့်တက်ခဲ့သည်။ရန်ကုန်ဆိပ်ကမ်းသည် ထီးတန်းကမ်းနားဒေသမှ သံလျက်စွန်း ကမ်းနားဒေသအတွင်း နိုင်ငံတကာ သင်္ဘောကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၂၃ စင်း၊ ကုန်သေတ္တာစခန်း သုံးခု၊ သီလဝါဆိပ်ကမ်းတွင် ဆိပ်ခံတံတား ကိုးစင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။လက်ရှိအချိန်တွင် ရန်ကုန်ဆိပ်ကမ်း၌ တန်ချိန်ပိုမိုများပြားသော သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန်နှင့် ရန်ကုန်ဆိပ်ကမ်းကို ခေတ်မီနိုင်ငံတကာအဆင့် သင်္ဘောဆိပ်ကမ်းကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ရန် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent