၁၉၈၈ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဂုဏ်ပြုသည့် အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ဖွဲ့စည်းမှု (၁၆) နှစ်ပြည့်ဖြစ်သည့် ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဂုဏ်ပြုသည့်အခမ်းအနားတွင် ကျဆုံး နိုင်ငံရေးအကျဉ်းသား ၅၀ အတွက် တစ်ဦးလျှင် ကျပ် ငါးသိန်းနှုန်းစီ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း AAPP မှ ဦးအောင်မျိုးကျော်က ဆိုသည်။
ဦးအောင်မျိုးကျော်က“ကျဆုံး နိုင်ငံရေး အကျဉ်းသား ဂုဏ်ပြုပွဲက မတ် ၂၃ ရက်ပါ။ မတ် ၂၃ ရက်က ကျွန်တော်တို့ AAPP ရဲ့ (၁၆) နှစ် ပြည့်တဲ့နေ့လည်း ဖြစ်တယ်။ အဲဒီနေ့ကို ရွေးထားတာ။ ကျွန်တော်တို့ AAPP ရယ် FPPS ပေါ့။ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ပေါင်းပြီး ကျဆုံးနိုင်ငံရေးအကျဉ်းသားနဲ့ ၎င်းတို့ရဲ့မိသားစုဝင်များ ဂုဏ်ပြုပွဲ ခေါင်းစဉ်နဲ့ ကျင်းပမှာပါ။ ကျွန်တော်တို့က ကျဆုံး နိုင်ငံရေးအကျဉ်းသားနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များအား ဂုဏ်ပြုအခမ်းအနားကို ဒီလပိုင်းမှာ ကျင်းပဖို့ အစီအစဉ်ရှိတဲ့အခါမှာ AAPP ရဲ့ (၁၆) နှစ်ပြည့်နေ့မှာပဲ ကျင်းပလိုက်တာပါ။ အဲဒီအတွက်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ အဲဒီနေ့ကို သတ်မှတ်လိုက်တာပါ”ဟု ပြောကြားသည်။
AAPP ကို ၂၀၀၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ မည်မျှရှိသည်၊ နိုင်ငံရေး အကျဉ်းသားများ မည်သို့ ညှဉ်းပန်း နှိပ်စက်ခံရသည်ကို နိုင်ငံတကာက သိရှိစေရန်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လှုပ်ရှားမှုများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ဘ၀ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ရုံးဖွင့်လှစ်ကာ နိုင်ငံရေး အကျဉ်းသားအရေး ကိစ္စများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“၂၀၁၃ မှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဆီက ကိုယ်စားလှယ်တစ်ယောက် ပါပါတယ်။ အဲဒီအချိန်ကစပြီး ပြည်တွင်းမှာ ကျွန်တော်တို့ ရုံးဖွင့်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတရေး သင်တန်းတွေ ဒီလိုသင်တန်းတွေလည်း လိုက်လံဆောင်ရွက်ပါတယ်။ ပြီးတဲ့အခါ နိုင်ငံရေး အကျဉ်းသားဟောင်းများတွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်”ဟု ဦးအောင်မျိုးကျော်က ဆိုသည်။
စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ကျဆုံးသွားသူများ၏ မိသားစုဝင်များကို အကူအညီပေးနိုင်ရေးအတွက် အဖွဲ့ဝင်ရှစ်ဦးပါသည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် ကျဆုံးသွားသူ ၁၉၉ ဦးရှိခဲ့ကြောင်းနှင့် ယင်းတို့အနက် ၅၅ ဦးကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံ့ခြင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့ကြောင်း သိရသည်။
AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့သည် နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းကိုလည်း ပူးပေါင်း၍ စာရင်းကောက်ယူခဲ့ရာ တစ်နိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၃၀၀၀ ခန့် စာရင်းကောက်ယူပြီး ဖြစ်ကြောင်း သိရသည်။
စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဂုဏ်ပြုပွဲ AAPP ဖွဲ့စည်းမှု (၁၆) နှစ်ပြည့်တွင် ပြုလုပ်မည်















