၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ တတိယပတ်အထိ မတ်ပဲနှင့် ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန်လျော့နည်း ခဲ့သော်လည်း ဈေးနှုန်းမြင့်တက်မှုကြောင့် ပို့ကုန်ရငွေ ဒေါ်လာ ၆၁၉ သန်းကျော်ရရှိ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ တတိယပတ်အထိ မတ်ပဲနှင့် ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန်လျော့နည်း ခဲ့သော်လည်း ဈေးနှုန်းမြင့်တက်မှုကြောင့် ပို့ကုန်ရငွေ ဒေါ်လာ ၆၁၉ သန်းကျော်ရရှိ
Published 4 February 2016
နီလာ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီ ၂၂ ရက်အထိ ပြည်ပသို့ မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့မှုမှ တန်ချိန်လျော့နည်း ခဲ့သော်လည်း ပို့ကုန်ရငွေဈေးနှုန်း မြင့်တက်မှုကြောင့် ပို့ကုန်ရငွေမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၉ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုနှစ်အတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်အုပ်စု တင်ပို့မှုတွင် ပဲမျိုးစုံတင်ပို့မှု အနေဖြင့် တန်ချိန်အားဖြင့် ကျဆင်းခဲ့သော်လည်း ပို့ကုန်ရငွေဈေးနှုန်းများ မြင့်တက်မှုကြောင့် ပို့ကုန်အပေါ် ရငွေမှာ ပိုမိုရရှိခဲ့ကြောင်း သိရသည်။
ပဲတစ်မယ်ချင်း တင်ပို့မှုကို ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ပဲတီစိမ်း၊ ကုလားပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ပဲပုတ်စေ့၊ နိုင်လွန်ပဲတို့မှာ တန်ချိန်ရော တန်ဖိုးပါ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံမှာမူ တင်ပို့သည့်ပမာဏ လျော့နည်းခဲ့သော်လည်း ပို့ကုန်ရငွေမြင့်တက် ခဲ့ခြင်းကြောင့် ရငွေပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ နီးပါး ရရှိထားကြောင်းလည်း သိရသည်။
"ဒီဘဏ္ဍာနှစ်ရဲ့ လက်ရှိအချိန်အထိ ပဲကတော့ လောလောဆယ်မှာ တန်ချိန်ရှစ်သိန်းကျော် ပို့ပြီးပြီ။ သန်း ၇၇၀ ကျော် ရထားပြီးပြီ။ ဒီနှစ်မတ်ပဲ အပါအဝင် ပဲမျိုးစုံ တင်ပို့မှု တက်လာပါတယ်။ ဒီနှစ်ပို့ကုန်ပိုင်းမှာ ကျန်တဲ့အမယ်တွေ အကုန်လုံးလိုလို လျော့နေပေမယ့် ပဲမျိုးစုံတင်ပို့မှုကတော့ တက်လာပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မတ်ပဲဈေးသည် ယခုနှစ်ပိုင်းအတွင်း အိန္ဒိယ၏ ဝယ်လိုအားအပေါ် မူတည်ကာ စံချိန်တင် မြင့်တက်သည်အထိ ဈေးရရှိခဲ့သော်လည်း ပြည်ပဈေးကွက်အတွင်း အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်တင်ပို့နေရသည်။ ဈေးကွက်ပြိုင်ဆိုင်မှု မြင့်တက်လာနေသည့် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များကို အရည်အသွေးအရရော အရေအတွက်ပါ တိုးမြင့်ထုတ်လုပ်နိုင်ရန် လိုအပ်လျက် ရှိပေသည်။ အခြားပြည်ပပို့ကုန် ပဲများဖြစ်သော ပဲတီစိမ်းနှင့် ပဲစဉ်းငုံ ဈေးနှုန်းများမှာလည်း အထိုက်အလျောက် မြင့်တက်လာသော်လည်း မတ်ပဲဈေးနှုန်းမှာ ယခုနှစ် အောက်တိုဘာလ အတွင်းက တစ်တန်လျှင် ကျပ် ၂၆ သိန်းအထိ စံချိန်တင်ဈေး ရရှိခဲ့သည်။ သို့သော်လည်း နိုဝင်ဘာလကုန်ပိုင်းမှ စတင်ကာ မတ်ပဲဈေးများ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
မတ်ပဲကို ဥရောပသမဂ္ဂသို့ တင်ပို့မှုကို တရားဝင် လက်ခံလိုက်ပြီ ဖြစ်သည့်အတွက် ပဲတင်ပို့မှုမှာ ယခင်နှစ်များထက် တိုးတက်လာနိုင်ကြောင်းလည်း သုံးသပ်မှုများရှိခဲ့သည်။
 

Most Read

Most Recent