ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပ၊ ဥက္ကဋ္ဌအဖြစ် ကရင်တိုင်းရင်းသား ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်တို့အား တင်မြှောက်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပ၊ ဥက္ကဋ္ဌအဖြစ် ကရင်တိုင်းရင်းသား ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်တို့အား တင်မြှောက်
Published 3 February 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်က စတင်ကျင်းပခဲ့ပြီး ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေးတွင် ချင်းတိုင်းရင်းသား ဦးဇုန်လှယ်ထန်းကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ၎င်းက ကြီးမှူး၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်တိုင်းရင်းသား ဦးမန်းဝင်းခိုင်သန်းကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်ကို ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့သည်။အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသော ဦးမန်းဝင်းခိုင်သန်းသည် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးဖြစ်ပြီး ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။“ကရင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ကျွန်တော့်ကို ကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ ယုံကြည်စိတ်ချစွာနဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပေးခဲ့တဲ့အတွက် ကိုယ်စားလှယ်တော်ကြီးများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်အပေါ် ယုံကြည်လို့ ပေးအပ်တဲ့ တာဝန်တွေကို ကျွန်တော့်အနေနဲ့ ဥပဒေများနှင့်အညီ သစ္စာရှိစွာ ကျေကျေပွန်ပွန် ထမ်းဆောင်ပါမယ်လို့ ကတိပြုအပ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ထိုသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့အဖြစ် တိုင်းရင်းသားများကို ရွေးချယ်လိုက်သောကြောင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် တိုင်းရင်းသားများ၏ အခွင့်အရေးတို့အတွက် ပိုမို ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။“အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌက တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် အရင်ကထက် ထူးခြားတယ်လို့ သုံးသပ်ပါတယ်။ ဒါက ဖက်ဒရယ် စနစ်ကို သွားဖို့ အစပြုတဲ့ သဘောပါပဲ။ ဒီငါးနှစ် အတွင်းမှာ ဖက်ဒရယ်စနစ်ကို သွားနိုင်မယ် ဆိုရင်တော့ ဖက်ဒရယ်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေလိုပဲ ဖွံ့ဖြိုးလာမှာပါ။ တကယ် အောင်မြင်မယ်လို့ ယူဆပါတယ်။ ဖက်ဒရယ်ကို တောင်းနေခဲ့ကြတာလည်း ကြာပြီလေ။ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး လုပ်ဆောင်ဖို့ လိုတယ်” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူက ပြောကြားသည်။ထို့အတူ ရခိုင်အမျိုးသားပါတီမှ ဦးကျော်သန်းက “တိုင်းရင်းသားလူမျိုးတွေ လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်လာတယ်ဆိုတော့ ဘာပဲပြောပြော အရင်ကထက်တော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ပိုရလာမယ်လို့ ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တန်းတူရဖို့ ပြောထားတာတွေ ရှိပါတယ်။ အဲဒီလို လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ၂၂၄ ဦး ရှိသည့်အနက် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တစ်ဦးသာ ပျက်ကွက်ခဲ့သည်။အမျိုးသားလွှတ်တော် အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းတို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ကို တွေ့ရစဉ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၃၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁၀ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သုံးဦး၊ ဇိုမီးဒီမိုကရေစီပါတီမှ နှစ်ဦး၊ တအာင်း (ပလောင်) မှ နှစ်ဦး၊ မွန်အမျိုးသား ပါတီမှ တစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ တစ်ဦး၊ PNO မှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်တို့ ရွေးချယ်ခံခဲ့ရသည်။ဒုတိယအကြိမ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent