ပြည်တွင်း ကုမ္ပဏီများ၏ Corporate Governance ခိုင်မာစေရန် IFC မှ နည်းပညာ ပံ့ပိုးပေးမည့် နားလည်မှု စာချွန်လွှာ ကုန်သည်/စက်မှုအသင်းချုပ်နှင့် IFC တို့ ရေးထိုး

ပြည်တွင်း ကုမ္ပဏီများ၏ Corporate Governance ခိုင်မာစေရန် IFC မှ နည်းပညာ ပံ့ပိုးပေးမည့် နားလည်မှု စာချွန်လွှာ ကုန်သည်/စက်မှုအသင်းချုပ်နှင့် IFC တို့ ရေးထိုး
Published 3 February 2016
သက်ထား

ပြည်တွင်းကုမ္ပဏီများ၏ Corporate Governance ခိုင်မာစေရန် IFC မှ နည်းပညာ ပံ့ပိုးပေးမည့် နားလည်မှု စာချွန်လွှာကို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် International Finance Corporation (IFC) တို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ရေးထိုးခဲ့ကြောင်း သိရသည်။ယင်းနားလည်မှု စာချွန်လွှာအရ ကမ္ဘာ့ဘဏ် အုပ်စု၏ အဖွဲ့ဝင်ဖြစ်သည့် IFC နှင့် ကုန်သည်/စက်မှု အသင်းချုပ်တို့သည် မြန်မာကုမ္ပဏီများကြား ယှဉ်ပြိုင်နိုင်မှု အရည်အချင်းကို တိုးမြှင့်ရန် Corporate စီမံခန့်ခွဲမှုအား ပိုမိုကောင်းမွန်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“IFC ကနေ Corporate Governance ခိုင်မာစေဖို့ နည်းပညာ ပို့ချပေးမှာ ဖြစ်ပါတယ်။ ကော်ပိုရိတ် စီမံခန့်ခွဲမှု သင်တန်းတွေကို တက္ကသိုလ်က ဆရာမတွေကို ပို့ချပေးသွားမယ်။ အဲဒါကလည်း အခမဲ့ သင်တန်းတွေပါ။ ဒါအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာဖို့ အတွက်လည်း ကုမ္ပဏီတွေကြား Corporate Governance ခိုင်မာဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့ Corporate Governance အားကောင်းဖို့ IFC ကနေ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးမှာပါ” ဟု ကုန်သည်စက်မှု အသင်းချုပ်၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။ထို့ပြင် မြန်မာကုမ္ပဏီများမှ ဒါရိုက်တာ ဘုတ်အဖွဲ့တာဝန် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိခြင်း၊ ဒါရိုက်တာများ၏ တာဝန်ဝတ္တရားများကို အဓိပ္ပာယ် ရှင်းလင်းတိကျစွာ သတ်မှတ်ထားမှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ ခေတ်နှင့် လျော်ညီမှုမရှိသည့် စည်းကမ်းထိန်းသိမ်းမှု မူဘောင်များနှင့် ပြည့်စုံလုံလောက်မှု မရှိသော ရှယ်ယာရှင်များ၏ လုပ်ထုံးလုပ်နည်းများအား အသုံးပြုလျက်ရှိခြင်း စသည့် အားနည်းချက်များကို IFC က ပြုပြင်ပြောင်းလဲရန် ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် IFC အနေဖြင့် UMFCCI နှင့် ပူးပေါင်းကာ ကုမ္ပဏီများအတွက် Corporate Governance သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ MBA ကျောင်းသား၊ ကျောင်းသူများကို Corporate Governance သင်ကြားပေးနိုင်ရန် တက္ကသိုလ်မှ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကာ ဟောပြောပွဲများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။IFC ၏ မြန်မာနိုင်ငံအတွင်း ကော်ပိုရိတ် စီမံခန့်ခွဲမှု အစီအစဉ်ကို သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဌာနနှင့် ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့နှင့် ပူးပေါင်းကာ အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း သိရသည်။IFC သည် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်နေသော ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးရေး အဖွဲ့ကြီးတစ်ခု ဖြစ်သည်။ 

Most Read

Most Recent