ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မတ်ပဲတစ်တန်လျှင် ကျပ် ၁၆၀၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ဈေးအေးကာ ပြည်ပတင်ပို့မှု နည်းနေသေးကြောင်း သိရ

ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မတ်ပဲတစ်တန်လျှင် ကျပ် ၁၆၀၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ဈေးအေးကာ ပြည်ပတင်ပို့မှု နည်းနေသေးကြောင်း သိရ
Published 3 February 2016

ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၆၀၀၀၀၀ ကျော် ပေါက်ဈေးရှိပြီး ဈေးအေးနေကာ ပြည်ပတင်ပို့မှု နည်းနေသေးကြောင်း မြန်မာနိုင်ငံ ပဲ/နှမ်း ကုန်သည်များ အသင်းမှ သိရသည်။“ဈေးအေးနေတယ်၊ မတ်ပဲအသစ်တွေကတော့ ပေါ်လာပြီ။ နိုင်တော့ မနိုင်သေးဘူး။ တင်ပို့မှုကတော့ နည်းနေသေးတယ်။ နောက် နှစ်ပတ်လောက်ဆို များလာမှာပါ” ဟု မြန်မာနိုင်ငံ ပဲ/နှမ်း ကုန်သည်များအသင်းမှ သတင်းပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါက်တာမြတ်စိုးက ပြောကြားသည်။၂၀၁၆ နှစ်စတွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၈၅၀၀၀၀ နှင့် SQ တစ်တန်လျှင် ကျပ် ၁၉၁၅၀၀၀ ဖြင့် ဈေးဖွင့်ထားပြီး ဖေဖော်ဝါရီ ၂ ရက် ဈေးမှာ မတ်ပဲ FAQ/RC တစ်တန်နှင့် ကျပ် ၁၆၇၈၀၀၀ ရှိပြီး မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၁၇၄၀၀၀၀ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်ကုန်စည်ဒိုင်) မှ သိရသည်။ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင် ကုန်စည်ဒိုင်) က ထုတ်ပြန်သည့် ပြည်တွင်း မတ်ပဲဈေးနှုန်းများအရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂၂၇၅၀၀၀ ရှိကာ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၂၃၇၅၀၀၀ ဈေးရှိကြောင်း သိရသည်။ဖေဖော်ဝါရီ ၃ ရက်၏ FOB ဈေးတွင် မတ်ပဲ (2016 Crop) FAQ တစ်တန်လျှင် ဒေါ်လာ ၁၃၄၀-၁၃၇၀ ဈေးရှိပြီး မတ်ပဲ (2016 Crop) SQ တစ်တန်လျှင် ဒေါ်လာ ၁၃၈၀-၁၄၁၀ ဈေးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင် ကုန်စည်ဒိုင်) မှ သိရသည်။မတ်ပဲဈေးမှာ ၂၀၁၅ ခုနှစ် အတွင်းက တစ်တန်လျှင် ကျပ် ၂၆ သိန်းကျော်အထိ စံချိန်တင် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ဖူးပြီး မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲများကို အဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent