မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ ဝင်ရောက်မြှုပ်နှံသည့်ပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၂ ရာခိုင်နှုန်းကျော်ရှိနေ

မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ ဝင်ရောက်မြှုပ်နှံသည့်ပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၂ ရာခိုင်နှုန်းကျော်ရှိနေ
Published 1 February 2016
နီလာ

မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ ဝင်ရောက်မြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၂ ဒသမ၂၇ ရာခိုင်နှုန်းကျော် ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်ပြီး စင်ကာပူမှ အများဆုံးမြှုပ်နှံထားကြောင်း သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ  မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၉ ဘီလျံကျော် ( ၅၉၁၅၃ ဒသမ ၁၁၈ သန်း) ရှိသည်။ ယင်းတို့အနက် အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူမှ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော်ရှိသည်။
ထိုင်းနိုင်ငံမှဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရှိသည်။ မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁ ဒသမ ၆ ဘီလျံကျော် ဝင်ရောက် မြှုပ်နှံထားသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့်မူ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၉၁ သန်းရှိကာ အင်ဒိုနီးရှားနိုင်ငံမှာမူ အမေရိကန် ဒေါ်လာ ၂၅၄ သန်းကျော် မြှုပ်နှံထားသည်။
ဖိလစ်ပိုင်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၇သန်းကျော် မြှုပ်နှံထားကာ ဘရူနိုင်းနိုင်ငံမှ ဒေါ်လာ ၇၄ သန်း ဝင်ရောက်မြှုပ်နှံထားသော်လည်း လာအို နိုင်ငံမှမူ ဝင်ရောက်မြှုပ်နှံခြင်း မရှိသေးပေ။
အာဆီယံနိုင်ငံများတွင် စင်ကာပူမှဒေါ်လာ ၁၁ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကာ ထိုင်းနိုင်ငံမှာ ဒေါ်လာ ၁၀ ဘီလျံကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ မလေးရှား နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်ဖြင့် တတိယ အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသောနိုင်ငံများတွင် ယခုနှစ်ပိုင်းအတွင်း စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးလာကြောင်းနှင့် ယင်းကဲ့သို့ တိုးလာခြင်းသည် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ စင်ကာပူတစ်ဆင့်ခံ၍ ဝင်ရောက်လာမှုများ ရှိသကဲ့သို့ စင်ကာပူအား တစ်ဆင့်ခံသည့် အခြားနိုင်ငံများလည်း ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရရှိသော သတင်းများအရ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သတ္တု ရှာဖွေတူးဖော်ထုတ်လုပ်ရေး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ အိမ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။      

Most Read

Most Recent