ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်း မကြာမီ အကောင်အထည် ဖော်မည်ဟု သိရ

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်း မကြာမီ အကောင်အထည် ဖော်မည်ဟု သိရ
Published 31 January 2016
ကျော်ထင်

ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်းကို မကြာမီ စတင် အကောင်အထည်ဖော်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။လက်ရှိ သိပ်သည်းမှု များပြားနေသည့် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အား မဖြစ်မနေ ခွဲထုတ်ရန် မြို့ပြပညာရှင်အချို့က ထောက်ပြခဲ့ကြသည့်အတွက် ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မ နယ်မြေသို့ ခွဲထုတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် ဦးစွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့သည်။အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် ရည်မှန်းထားခဲ့သော်လည်း တင်ဒါ ရွေးချယ်မှု အပိုင်းတွင် ကြန့်ကြာခဲ့ပြီး ယင်းစီမံကိန်းအတွက် တင်ဒါအား First Myanmar Construction ကုမ္ပဏီက ရရှိခဲ့ကြောင်း သိရသည်။ယင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုခြင်းကို ဇန်နဝါရီလ အတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။“စလုပ်တော့မှာပါ။ အဲဒီ အတွက်လည်း တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆို ပြီးပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ယင်းစီမံကိန်း အကောင်အထည် ဖော်ရန်အတွက် စီမံကိန်း ဧရိယာအတွင်း ပါဝင်သော မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းများကို ၂၀၁၂ ခုနှစ် ကတည်းက သာကေတမြို့နယ် ယမုံနာလမ်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော် ယမုံနာလမ်းတွင် ပန်းဆိုင်များဖွင့်လှစ်ရာ အဆင်မပြေသဖြင့် အချို့သာ ပြောင်းရွှေ့ပြီး အများစု မပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။ယင်းနောက်ပိုင်းတွင် မင်းဓမ္မပန်းကွင်း ပြောင်းရွှေ့ရမည့် နေရာအား ဆိုင်ခန်းပိုင်ရှင်များဘက်မှ မင်္ဂလာဒုံ ပုလဲတွင် ဆန္ဒပြခဲ့ကြရာ စည်ပင်က လက်ခံကာ နေရာပေးခဲ့သဖြင့် ယင်းဆိုင်ခန်းပိုင်ရှင်များ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သောကြောင့် စီမံကိန်း အကောင်အထည် ဖော်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။သို့သော် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ  ၉ ရက်တွင် ယင်းစီမံကိန်းအတွက် တင်ဒါများ ပြန်လည်စိစစ်ပေးရန် တင်ဒါ ပါဝင် ယှဉ်ပြိုင်ခဲ့သည့် Pattko Global Development ကုမ္ပဏီက တောင်းဆိုခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် First Myanmar Construction ကုမ္ပဏီထက် ၎င်းတို့က မြေငှားရမ်းခများ ပိုပေးမည်ဟု တင်ပြခဲ့သော်လည်း ၎င်းတို့ မရရှိခဲ့သဖြင့် တင်ဒါပြန်လည် စိစစ်ပေးရန် အဆိုပါ ကုမ္ပဏီက ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုထားကြောင်း သိရသည်။ရန်ကုန်မြို့ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်းအဆောက်အအုံ နေရာများ ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းနေရာ ပတ်ဝန်းကျင်တွင် သီးသန့် ဘတ်စ်ကားလမ်းကြောင်းများ ပြေးဆွဲရန်လည်း စီစဉ်မှုများ ရှိသည်ဟု သိရသည်။

Most Read

Most Recent