ပြည်သူ့လွှတ်တော်ခေါ်ယူပြီး တစ်ပတ်အတွင်းတွင် အမျိုးသားလွှတ်တော် ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည့် အတွက် အမျိုးသားလွှတ်တော် ကျင်းပရက်အား နောက်ဆုတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ဒုတိယအကြိမ်အဖြစ် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးများအား ဖေဖော်ဝါရီ ၁ ရက်တွင် လျာထားခဲ့သော်လည်း ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီတွင်ကျင်းပမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ယခင်ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “အခုလို ရက်ရွှေ့လိုက်တာက ဥပဒေနဲ့ အညီပါပဲ။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာရော၊ လွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာ ပြဋ္ဌာန်းထားတာရောက ပြည်သူ့လွှတ်တော် ခေါ်ယူပြီး တစ်ပတ်အတွင်းမှာ အမျိုးသားလွှတ်တော် ခေါ်ယူရမယ်လို့ ပြဋ္ဌာန်းထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီတော့ တစ်ပတ်အတွင်း ဆိုတာက တစ်ရက်ခြားလည်း ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ ပြည်သူ့လွှတ်တော် ခေါ်ယူပြီး နေ့လယ်ပိုင်းဆိုလည်း ဖြစ်နိုင်တာပဲလေ။ အခုလို နောက်ဆုတ်ကျင်းပတာက ဥပဒေနဲ့အညီ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ “ပထမအကြိမ် လွှတ်တော်တွေတုန်းက နံနက် ၈ နာရီ ၅၅ မိနစ်မှာ ကျင်းပခဲ့တယ်။ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသား လွှတ်တော်ရောကို တစ်ပြိုင်တည်း ကျင်းပခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်က ပထမကျင်းပမည် ဖြစ်သည့်အတွက် ကိုယ်စားလှယ်အသစ်များ အနေဖြင့် ပြည်သူ့လွှတ်တော်ကျင်းပပုံ သွားရောက်လေ့လာရန် ညွှန်ကြားချက် မရှိသေးကြောင်း သိရသည်။
“ဒုတိယအကြိမ်မှာတော့ အများစု အနိုင်ရထားတဲ့ ပါတီအနေနဲ့ ပါတီခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမှာပါ။ လွှတ်တော် ဆိုတာကတော့ ဥပဒေပြုရေး ဖြစ်တဲ့အတွက် ပြည်သူ့အကျိုး ပြုမယ့်၊ ပြည်သူ့အကျိုး ဖြစ်ထွန်းမယ့် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်တွေကို ပိုပြီးတော့ ဆောင်ရွက်နိုင်မယ် ထင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင်သာ မကျင်းပဖြစ်သည့် နေရာရှိသော်လည်း အမျိုးသား လွှတ်တော်တွင်မူ မကျင်းပဖြစ်သည့်နေရာ မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်မူ ပထမအကြိမ် လွှတ်တော်သက်တမ်း၏ အားနည်းချက်၊ အားသာချက်များကို သိရှိထားသည့်အတွက် ပြည်သူများအတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ပြည်သူ့လွှတ်တော်ခေါ်ယူပြီး တစ်ပတ်အတွင်း အမျိုးသားလွှတ်တော် ခေါ်ယူရမည်ဖြစ်၍ လွှတ်တော်ကျင်းပရက် နောက်ဆုတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြောကြား















