ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ညီလာခံ ကျင်းပရေး ဗဟိုအလုပ်ကော်မတီ အစည်းအဝေး မတ်လတွင် ကျင်းပမည်

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ညီလာခံ ကျင်းပရေး ဗဟိုအလုပ်ကော်မတီ အစည်းအဝေး မတ်လတွင် ကျင်းပမည်
Published 30 January 2016
ကျော်ဇင်ဝင်း

ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ညီလာခံအား ဧပြီလတွင် ကျင်းပနိုင်ရေးအတွက် သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ၏ ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကို မတ်လဆန်းတွင် ကျင်းပမည် ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင် ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
အဆိုပါ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ဗဟိုအလုပ်ကော်မတီကို ဇန်နဝါရီ ၂၃ ရက်က အဖွဲ့ဝင် ၉၃ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီဝင်များသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်လည်သွားရောက်၍ မြို့နယ်အလိုက် တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့စည်းလျက်ရှိပြီး အဆိုပါမြို့နယ် သမဂ္ဂများမှ ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ညီလာခံကို ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။
“သူတို့ပြန်လာတဲ့ အခါကျရင် အဲဒီ ဒေသတွေမှာ သူတို့လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေကို ပြန်ပြီးတော့ အစီရင်ခံမယ်။ ပြန်ဆွေးနွေးပြီးလို့ရှိရင် ဧပြီလထဲမှာ လုပ်မယ့် ညီလာခံကျင်းပရေးအတွက် တစ်ခါတည်း အစီအစဉ်တွေ ဆွဲတော့မှာပေါ့” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။ 
မြို့နယ်သမဂ္ဂများမှ ကိုယ်စားလှယ်များဖြင့်၂၀၁၆ ခုနှစ် ဧပြီ လတွင် ကျင်းပမည့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ညီလာခံတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် အဖွဲ့တို့အား ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းတည်ထောင်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း၌ တောင်သူလယ်သမား သမဂ္ဂများ၊ တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်များ၊ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးအဖွဲ့များ  စသည်ဖြင့် အမည်အမျိုးမျိုး၊ လုပ်နည်းလုပ်ဟန် အမျိုးမျိုးဖြင့် လယ်သမားအရေးကို ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ အနစ်နာခံ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြသူများ နေရာအနံှ့တွင်ရှိကြောင်း၊ အကျိုးသက်ရောက်မှုများ ရှိသလို ဖမ်းဆီးချုပ်နှောင် ထောင်ကျခံရသူများလည်း အများအပြားပင်ရှိကြောင်း၊ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းလုပ်ရပ်များ ကမူရပ်တန့်၍ မသွားဘဲ ဆက်ကာဆက်ကာ ဖြစ်ပေါ်နေကြောင်း၊ ဤဖြစ်ရပ်များကို ဖြေရှင်းနိုင်ရန်မှာ ကျစ်လျစ်ခိုင်မာပြီး အားလုံးပါဝင်သော တစုတစည်းတည်းရှိသည့် တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို တာဝန်ခံ ဆောင်ရွက်ပေးမည့် တောင်သူလယ်သမား သမဂ္ဂကြီး ပေါ်ထွန်းလာရန် လိုအပ်သည့်အတွက် ဖြစ်ကြောင်း သိရသည်။
ထို့အတူ တောင်သူလယ်သမား သမဂ္ဂကြီး ပေါ်ထွန်းလာမှသာ တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေတွင် အလိုအပ်ဆုံးဖြစ်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ တောင်သူလယ်သမားများ ပါဝင်သော ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂအား ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်ကြောင်း ရည်ရွယ်ချက်တွင် ဖော်ပြထားသည်။                         

Most Read

Most Recent