ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပ နိုင်ရေးနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်မှု အစမ်းလေ့ကျင့်

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပ နိုင်ရေးနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်မှု အစမ်းလေ့ကျင့်
Published 30 January 2016
ငြိမ်းဇော်လင်း

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင် ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၃၀ ရက်က လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ခန်းမတွင် အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ပြုလုပ်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ပထမရက်တွင် ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မှာ လွှတ်တော်ရဲ့ ပထမဦးဆုံး ကျင်းပမယ့်နေ့မှာ ပြုလုပ်မယ့် သဘာပတိရွေးတာ၊ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ရွေးတာတွေပေါ့။ ဒါတွေကို ဘယ်လိုရွေးချယ်ရသလဲဆိုတဲ့ လက်တွေ့သရုပ်ပြတဲ့ဟာကို ပြည်သူ့လွှတ်တော်ရဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ကြီးမှူးပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို သရုပ်ပြ ရှင်းလင်းတာပါ။ လွှတ်တော်ရုံးက ဝန်ထမ်းတွေ ပူးပေါင်းပြီး သရုပ်ပြခဲ့တာပါ။ ကျွန်မတို့က ကြည့်ရုံပါပဲ။ အခြားပါတီကတော့ မပါပါဘူး။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုမဲပေးရမလဲ။ မဲပေးပုံ ပေးနည်းပေါ့။ အားလုံးနီးပါးက အသစ်တွေပဲ ဖြစ်နေတော့လေ။ နောက်ပြီး စက်ခလုတ်ကို အသုံးပြုပြီး မဲပေးတဲ့အခါမှာ ဘယ်လိုဆို မှန်တယ်ပေါ့။ ဒါတွေကို သရုပ်ပြ ရှင်းလင်းတာပါ” ဟု လွှတ်တော်ရေးရာ ဦးဆောင်ကော်မတီမှ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
ထို့အတူ တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က “သဘာပတိ ရွေးတဲ့အခါ၊ လွှတ်တော်ဥက္ကဋ္ဌတို့ ဒုဥက္ကဋ္ဌတို့ ရွေးတဲ့အခါ တစ်ယောက်ထက် ပိုနေရင် ဘယ်လိုမဲပေး ရမယ်ဆိုတာ အခမ်းအနားမှူးတွေကနေ သေသေချာချာ ရှင်းပြပါတယ်။ မနက် ၁၀ နာရီလောက်ကစပြီး ၁၂ နာရီလောက် ပြီးသွားပါတယ်” ဟု ပြောကြားသည်။
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည် စတင်ကျင်းပမည်ဖြစ်ကာ အဆိုပါနေ့တွင် ပြည်သူ့လွှတ်တော်တွင် သဘာပတိ ရွေးချယ်မည်ဖြစ်ကာ အဆိုပါ သဘာပတိမှ ဦးဆောင်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့ကို လျာထားကြောင်း ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားထားသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ စတင်ကျင်းပခဲ့ပြီး ပထမအကြိမ်မှ ၁၃ ကြိမ်မြောက်အထိ ပုံမှန်အစည်းအဝေးများ ကျင်းပခဲ့ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ  ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။
 

Most Read

Most Recent