ကျပ် ၁၅ ဘီလျံ မတည်ရင်းနှီးမှုဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် AYA trust Securities ကုမ္ပဏီ စတင်ဖွင့်လှစ်

ကျပ် ၁၅ ဘီလျံ မတည်ရင်းနှီးမှုဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် AYA trust Securities ကုမ္ပဏီ စတင်ဖွင့်လှစ်
Published 30 January 2016
အေးမြတ်မွန်

ကျပ် ၁၅ ဘီလျံ မတည်ရင်းနှီးမှုဖြင့် ရန်ကုန်စတော့ အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် AYA trust Securities ကုမ္ပဏီကို ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် ငွေချေးသက်သေခံ လက်မှတ်များ အရောင်းအဝယ် လုပ်ငန်းစဉ် ဝန်ဆောင်မှု ပေးနိုင်ရန် Underwriter လိုင်စင်ဖြင့် လုပ်ငန်းလုပ်ဆောင် သွားမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ ရှယ်ယာဝယ်ယူကာ ရင်းနှီးမြှုပ်နှံရေး၊ စတော့အိတ်ချိန်းတွင် Listed လုပ်ထားသည့် ကုမ္ပဏီများ၏ အရင်းအနှီး မြှင့်တင်ရေး စသည့်ဝန်ဆောင်မှုများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က ဒီနေ့မှစပြီး မိတ်ဆက်တာဖြစ်တယ်။ Listed ကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ဆွေးနွေးထားတာတော့ မစရသေးဘူး။ ကျွန်တော်တို့ Listed လုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ မဆွေးနွေး ရသေးပေမယ့် ကုမ္ပဏီအသစ်တွေကိုရှာပြီး Listed လုပ်နိုင်တဲ့အနေအထားမျိုး ရောက်အောင် ပြုပြင်ပေးပြီး အဲဒီလိုကုမ္ပဏီတွေကို Underwriter လုပ်ပေးဖို့  လုပ်ဆောင်သွားမယ်’’ ဟု AYA Finicial Group ၏ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။
AYA trust သည် ရင်းနှီးမြှုပ်နှံလိုသူများ၏ ရှယ်ယာအရောင်းအဝယ်များကို တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကာ အကြံပေးလုပ်ငန်း အနေဖြင့် အသေးစား၊ အလတ်စား၊ အကြီးစား စီးပွားရေး အဖွဲ့အစည်းများအား အရင်းအနှီး ဈေးကွက်ဆိုင်ရာ လုပ်ငန်းများဖြစ်သည့် စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းကာ အရင်းအနှီး မြှင့်တင်နိုင်သည့် ကုမ္ပဏီများအဖြစ် ဆောင်ရွက်ပေးခြင်း၊ ကုမ္ပဏီများ ပေါင်းစပ်ခြင်းနှင့် အစုရှယ်ယာ ဝယ်ယူခြင်း၊ အရင်းအနှီးတိုးမြှင့်ရန် နည်းလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးနိုင်ရန် ပြည်ပကုမ္ပဏီများဖြစ်သည့်  SAC Capital, Phillip Capital, TATA Consultancy စသည့်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာစတင် ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment ,First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ၊ Great HOR KHAN Public Co.,Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့် လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး တစ်ဆင့်ခံရှယ်ယာများ ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ်ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။
စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် Securities ကုမ္ပဏီများအား လိုင်စင်ချထားပေးသည်မှာ ပြည်တွင်းအပါအဝင် ပြည်ပဖက်စပ် လုပ်ကိုင်သည့် ကုမ္ပဏီလေးခုအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
                         

Most Read

Most Recent