လယ်ယာမြေ သိမ်းဆည်းမှုကိစ္စရပ်များ ဖြေရှင်းပေးရန်သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် မဖြစ်မနေ ဆက်လက် ဆောင်ရွက်ပေးရမည့် အရေးကြီး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်း

လယ်ယာမြေ သိမ်းဆည်းမှုကိစ္စရပ်များ ဖြေရှင်းပေးရန်သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် မဖြစ်မနေ ဆက်လက် ဆောင်ရွက်ပေးရမည့် အရေးကြီး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်း
Published 25 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လယ်ယာမြေ သိမ်းဆည်းမှုကိစ္စရပ်များ ဖြေရှင်းပေးရန်မှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း မဖြစ်မနေ ဆက်လက် ဆောင်ရွက်ပေးရမည့် အရေးကြီး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုကြောင့် ပြည်သူများ နစ်နာမှုမရရှိစေရေးအတွက်  စုံစမ်းရေးကော်မရှင်က ဇန်နဝါရီ ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။
ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလအတွင်း ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် အနှစ်ချုပ်အစီရင်ခံစာ တင်သွင်းစဉ် ထိုသို့ ထည့်သွင်း အစီရင်ခံခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလတွင် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ ကွင်းဆင်း ဆောင်ရွက်ချက်များကြောင့် ထိုက်သင့်သည့် မြေယာများ ပြန်လည်စွန့်လွှတ်ခြင်း၊ ထိုက်သင့်သော လျော်ကြေးငွေ ပမာဏရရှိခြင်းတို့ ဖြစ်ပေါ်စေကြောင်း၊ သို့ရာတွင် ကော်မရှင်အနေဖြင့် လွှတ်တော်နားရက်များတွင်သာ ကွင်းဆင်းဆောင်ရွက်နိုင်ခြင်း၊ အစိုးရအဖွဲ့ အစည်းအဆင့်ဆင့်မှ အောက်ခြေ မြေပြင်အထိ ဖြေရှင်းဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် ကော်မရှင်၏ သုံးသပ်ချက်၊ အကြံပြုချက် အစီရင်ခံစာများအပေါ် လိုက်နာဆောင်ရွက်မှု အားနည်းချက်၊ ချို့ယွင်းချက်များကြောင့် မြေယာပြဿနာများ ပြီးပြတ်နိုင်မှုမရှိဘဲ ဖြေရှင်း ဆောင်ရွက်ပေးရန် ကျန်ရှိနေကြောင်း၊ ပထမအကြိမ် လွှတ်တော်သည်လည်း မကြာမီ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် ကျန်ရှိသည့် မြေယာ သိမ်းဆည်းမှု ကိစ္စရပ်များအား ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကာလတွင် မဖြစ်မနေ ဆက်လက်ဆောင်ရွက်ပေးရမည့် အရေးကြီး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း အကြံပြု တင်ပြခဲ့သည်။
ကော်မရှင်အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်ထိ အစိုးရအဖွဲ့သို့ အမှုတွဲပေါင်း ၁၉၈၃၆ မှု ပေးပို့ခဲ့ပြီး မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ အမှုတွဲပေါင်း ၁၂၉၇၀ မှု ဖြေရှင်းနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ အမှုတွဲပေါင်း ၆၄၂၃ မှု ကျန်ရှိနေသေးကြောင်း အစီရင်ခံစာအရ သိရသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုကြောင့် ပြည်သူများ နစ်နာမှု မရရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်က တင်ပြသည့် မြေသိမ်းဆည်းမှုများမှ မြေဧက ၃၅၉၉၀၁ ဒသမ ၇၂၇ ပြန်လည် စွန့်လွှတ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပေးလျော်ငွေမှာ ကျပ်သိန်း ၅၂၃၀၉၉ ဒသမ ၃၂၂ ရှိကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်နှင့် စပ်လျဉ်းသည့် အမိန့် ရှစ်ကြိမ်၊ သဝဏ်လွှာ ၁၂ ကြိမ်၊ ဒုသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများ၊ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဝင်များနှင့်  MICC-2 တွင် တွေ့ဆုံမှုတစ်ကြိမ်၊ လွှတ်တော် အစီအစဉ်တွင် ၂၉ ကြိမ်၊ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ လွှတ်တော်သို့ လာရောက်ဖြေရှင်းမှု သုံးကြိမ်၊ စာဖြင့်နှစ်ကြိမ် ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း  အစီရင်ခံစာတွင် ထည့်သွင်းပြောကြားသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သည်လည်း မကြာမီ ပြီးဆုံးတော့မည်ဖြစ်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်အား ရပ်နားပေးရန် ကော်မရှင်မှ အတွင်းရေးမှူး ဦးသိန်းထွန်းက အစီရင်ခံစာ တင်သွင်းစဉ် ထည့်သွင်း ပြောကြားသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွဋ်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent