မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူလက်မှတ် ရေးထိုးရန် စီစဉ်နေမှုသည် ပြည်တွင်းလုပ်ငန်းရှင်များကို ထိခိုက်စေနိုင်သဖြင့် အသစ်တက်လာမည့် အစိုးရသစ်နှင့် ပြည်သူများပါ အဆိုပါ လုပ်ငန်းစဉ်များအား သိရှိရန် လိုအပ်ဟု ဆို

မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူလက်မှတ် ရေးထိုးရန် စီစဉ်နေမှုသည် ပြည်တွင်းလုပ်ငန်းရှင်များကို ထိခိုက်စေနိုင်သဖြင့် အသစ်တက်လာမည့် အစိုးရသစ်နှင့် ပြည်သူများပါ အဆိုပါ လုပ်ငန်းစဉ်များအား သိရှိရန် လိုအပ်ဟု ဆို
Published 24 January 2016
ဖြိုးဝေ

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသာ အကျိုးဖြစ်ထွန်းစေမည့် မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူလက်မှတ် ရေးထိုးရန် လုပ်ဆောင်နေမှုများသည် ပြည်တွင်းလုပ်ငန်းရှင်များကို အဓိက ထိခိုက်စေမည် ဖြစ်သည့်အတွက် လက်ရှိ လုပ်ဆောင်နေမှုများကို အစိုးရသစ်နှင့် ပြည်သူများ သိရှိနားလည်စေရန် လိုအပ်မည်ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပေါင်းကူးမှ ဒေါက်တာကျော်သူက ပြောကြားသည်။မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူလက်မှတ် ရေးထိုးရန် ၂၀၁၄ ခုနှစ်မှ စတင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။“မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံ ဖြစ်တယ်။ ဒီ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်လို့ ယူဆကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ ဒီပြဿနာတွေ ပြေလည်မယ်လို့ ထင်ကြတယ်။ အဲဒီမှာ ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံမှာ လာမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့အတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ် လုပ်တယ်။ နှစ်နိုင်ငံ ဆိုတဲ့အတွက် သူကလည်း ကိုယ့်ဆီလာပြီး ကိုယ်ကလည်း သူ့ဆီသွားရမယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက ရှင်းရှင်းလေး။ မြန်မာနိုင်ငံသည် ဥရောပမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အလားအလာ မရှိဘူး။ အဲဒီအတွက် သူတို့က ရင်းနှီးမြှုပ်နှံသူတွေ လုံခြုံမှ လာမယ်ဆိုတာမျိုး ချဉ်းကပ်တယ်။ အဲဒီအတွက် သူတို့က ဘာလုပ်လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးက မြန်မာနိုင်ငံကို လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ်။ အဲဒီမှာ စာချုပ်ပါ အချက်လက်တွေ ချိုးဖောက်ခံရရင် မြှုပ်နှံသူက အစိုးရကို တရားစွဲတယ်။ မြန်မာနိုင်ငံလို သဘာ၀ ပတ်ဝန်းကျင်တို့၊ ကျန်းမာရေးတို့ အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေတွေ မဲ့နေတဲ့ နိုင်ငံတွေ လာပြီးတော့ အသာစီးယူပြီး ရင်းနှီးမြှုပ်နှံလေ့ ရှိတယ်။ အဲ့ဒီလို ထိခိုက်လာလို့ ပြည်သူတွေက တောင်းဆိုတဲ့အတွက် စာချုပ်ပါ အချက်တွေ ပြောင်းပြီဆိုတာနဲ့ သူတို့က တရားစွဲလေ့ ရှိတယ်။ အဲဒီလို တရားစွဲဖို့အတွက် သူတို့မှာ ကျွမ်းကျင်သူတွေ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့လို နိုင်ငံတွေက ထိခိုက်တယ်။ ဒီလိုလုပ်နေတာတွေကို အစိုးရသစ်ရော ပြည်သူတွေရော သိအောင်လုပ်ရမယ်” ဟု ဦးကျော်သူက ဆိုသည်။မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစအချိန် ဖြစ်နေသည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသာ အကျိုး ဖြစ်ထွန်းစေမည့် မြန်မာ-ဥရောပ သမဂ္ဂရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူလက်မှတ် ရေးထိုးရန် လုပ်ဆောင်နေမှုများသည် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထိခိုက်စေနိုင်ကြောင်း အရပ်ဘက် အဖွဲ့ အစည်း ၅၇၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် LIOH နှင့် MATA တို့က သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖော်ဆောင်မှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ကနဦး ဆောင်ရွက်သည့် အဆင့်များတွင်သာ ရှိနေသည်။ အဆိုပါ အခြေအနေသာ ရှိနေသည့်အတွက် ဥပဒေများစွာနှင့် မူဝါဒများစွာကို ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသည်။ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် တစ်ခုသည် ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများကို အန္တရာယ် အဟန့်အတား ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထိုသို့သော အခြေအနေများကြောင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အဟန့်အတား ဖြစ်နေသဖြင့် ချုပ်ဆိုထားပြီးသော ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်များကို ပြန်လည် သုံးသပ်နေသော အခြားနိုင်ငံများထံမှ လေ့လာသင်ယူရန် လိုအပ်နေသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် သတ္တုတွင်း ဥပဒေသစ် တစ်ရပ်သည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ ပိုရစေနိုင်ပြီး နိုင်ငံအတွင်း အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်များကို သုံးပြီး အဟန့်အတား စိန်ခေါ်မှု ဖြစ်စေသကဲ့သို့ ပြည်သူ့ဘဏ္ဍာထဲမှ နစ်နာကြေး သန်းထောင်ချီပြီး တောင်းသည်ကို ကြုံတွေ့နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းကို အဆောတလျင် မလုပ်ဆောင်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လက်ရှိ ချုပ်ဆိုမည့် မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူ စာချုပ်အတွက် ဥရောပသမဂ္ဂမှ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးရေးနှင့် နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ အငြင်းပွားမှုဖြစ်လျှင် ဖြေရှင်းရေး လုပ်ထုံး (Investor Protection and Investor-State Dispute Settlement-ISDS)၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံတော်၏ လုပ်ဆောင်နိုင်မှု အတိုင်းအတာတို့အပေါ် အလားအလာရှိသော သက်ရောက်မှုများ၊ ရင်းနှီးမြှုပ်နှံသူကို အကာအကွယ်ပေးရေး၊ နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူ အငြင်းပွားမှုဖြစ်လျှင် ဖြေရှင်းရေး လုပ်ထုံး (Investor Protection and Investor-State Dispute Settlement-ISDS) နှင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အား တိုးတက်စေမည့် နည်းလမ်းများ။ မြန်မာအစိုးရ၏ အပြည်ပြည်ဆိုင်ရာ အနုပညာ စီရင်ဆုံးဖြတ်ခြင်း မတိုင်မီ ပြည်တွင်း၌သာ ကိစ္စအရပ်ရပ်ကို ပြီးပြတ်အောင် ဆောင်ရွက်စေလိုသော သဘောထားများကို အီးယူက သဘောမတူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းတရားရုံး တက်စေပါက အစိုးရအနေနှင့် ပြည်တွင်း တရားစီရင်ရေး စနစ်ကို တိုးတက်ကောင်းမွန်အောင် မဖြစ်မနေ ပြင်ဆင်ရမည်ဖြစ်ပြီး အီးယူက လက်ရှိ ရွေးချယ်ထားသော စနစ်မှာ ဥရောပမှ ရင်းနှီးမြှုပ်နှံသူများကိုသာ အထူးအခွင့်အရေး ရစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ဒီလက်မှတ်ရေးထိုးမှုက ပြည်တွင်းကို လာလုပ်မယ့် စီးပွားရေး လုပ်ငန်းရှင်တွေကိုပဲ တစ်ဖက်သတ် ကာကွယ်ပေးထားတာမျိုး၊ သူနဲ့ပြိုင်ရမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးထားတာမျိုး စဉ်းစားထားတာမျိုး မတွေ့ရဘူး” ဟု ဒေါက်တာကျော်သူက ဆက်လက် ပြောကြားသည်။                 

Most Read

Most Recent