ကရင်အမျိုးသားရေး ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် NLD ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကရင့်ရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေး

ကရင်အမျိုးသားရေး ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် NLD ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကရင့်ရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေး
Published 22 January 2016
ငြိမ်းကို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ရွေးချယ်ခံ ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကရင့်ရေးရာ ကော်မတီတို့ ဇန်နဝါရီ ၂၀ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး NLD အစိုးရ လက်ထက်တွင် ကရင်အမျိုးသားရေး ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ ရွေးချယ်ခံ NLD ပါတီ ကရင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကရင့်ရေးရာ ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရွေးချယ်ခံ မွန်ပြည်နယ် NLD ပါတီ ကရင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ဦးစောအောင်မြင့်ခိုင်က “ကရင့်ရေးရာ ကော်မတီနဲ့တွေ့တာက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ ဆက်ဆံရေး လုပ်ချင်လို့ သူတို့ဘက်က ကမ်းလှမ်းတာပါ။ ထူးထူးခြားခြား ဆွေးနွေးခဲ့တာတော့ မရှိပါဘူး။ သူတို့ဘက်က ဥက္ကဋ္ဌတက်တယ်။ အတွင်းရေးမှူး စောကျော်ဇွာပါတယ်၊ တိုင်း၊ ပြည်နယ်တွေက ကိုယ်စားလှယ် တစ်ယောက် စီလည်းပါတယ်။ ကျွန်တော်တို့ဘက်က ငါးယောက်မှာ လေးယောက်တက်တယ်။ တစ်ယောက် ပျက်ကွက်တယ်” ဟု ပြောကြားသည်။
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးစောကျော်ဇွာကလည်း ယခင်လုပ်လာခဲ့သည့် လုပ်ငန်းများကို ဆက်လက်လက်တွဲ လုပ်ကိုင်နိုင်ရန်နှင့် လာမည့် NLD အစိုးရ လက်ထက်တွင် ကရင်အမျိုးသားများ၏ အရေးကို ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် သွားရောက်ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“NLD က ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေနဲ့ တွေ့ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ကရင့်ရေးရာ ကော်မတီက ယခင်လုပ်လာခဲ့တဲ့ လုပ်ငန်းတွေကို သူတို့နဲ့ ဆက်လက် လက်တွဲနိုင်ဖို့ရယ် လာမယ့် NLD အစိုးရ လက်ထက်မှာ ကရင်အမျိုးသားတွေရဲ့ အရေးကို ဘယ်လို ဆက်လက် လုပ်ဆောင်နိုင်မလဲဆိုတာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ သွားရောက် ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ယခုတွေ့တာက ကရင်အမျိုးသားတွေ အတွက် လိုအပ်ချက်တွေ လုပ်ချင်တာတွေကို ပြောပြပြီး သူတို့ကလည်း လိုလိုလားလားနဲ့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက ရွေးချယ်ခံ NLD ပါတီ ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆက်လက် တွေ့ဆုံသွားမည်ဖြစ်ပြီး အစုအဖွဲ့ တွေ့ဆုံမှုထက် သက်ဆိုင်ရာ တိုင်း/ပြည်နယ် များအလိုက် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ပြောကြား သည်။
ကရင့်ရေးရာ ကော်မတီသည် ကရင်အရေး အရာများ ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်မှ စတင်၍ ကရင်တစ်မျိုးသားလုံး ပူးပေါင်းပါဝင် ဖွဲ့စည်းခဲ့သော အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကရင်တိုင်းရင်းသားများ ရသင့်ရထိုက်မှုများ၊ ဆုံးရှုံးသွားသည့် အခွင့်အရေးများရရှိရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြု ထုတ်ပြန်ချက်အရ NLD ပါတီသည် ကရင်တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် ငါးနေရာ အပါအဝင် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ နေရာ အနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီက နှစ်နေရာ၊ ရခိုင်အမျိုးသားပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent