နိုင်ငံရေး တက်ကြွလှုပ်ရှား မှုများကြောင့် ၂၀၁၅ နှစ်ကုန်အထိ အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိ

နိုင်ငံရေး တက်ကြွလှုပ်ရှား မှုများကြောင့် ၂၀၁၅ နှစ်ကုန်အထိ အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိ
Published 22 January 2016
ဇာလီမြင့်ဦး

၂၀၁၅ နှစ်ကုန်အထိ နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုများကြောင့် အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
AAPP ၏ ဒီဇင်ဘာလအတွင်း နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြလစဉ် အစီရင်ခံစာနှင့် နိုင်ငံရေး အကျဉ်းသားများ စာရင်းထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၂၉ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၈ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင် နေရကြောင်း ဖော်ပြထားသည်။
ရွေးကောက်ပွဲပြီး၍ တစ်လကြာပြီးနောက ်ပြည်သူလူထုသည် နိုင်ငံရေး လှုပ်ရှားမှုများနှင့် ၎င်းတို့၏ အခွင့်အရေးများကို တောင်းဆိုခြင်းအတွက် ဆက်လက် ဖမ်းဆီးခံနေရကြောင်းလည်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူလေးဦး ဖမ်းဆီးခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ  ခုနစ်ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း၊ နိုင်ငံရေး အကျဉ်းသား ခြောက်ဦး ပြန်လည် လွတ်မြောက်လာ ကြောင်းလည်း ဖော်ပြထားသည်။
ဒီဇင်ဘာလတွင်း ပထမဦးဆုံး အကြိမ်အဖြစ် Facebook စာမျက်နှာတွင် အစိုးရကို အသရေဖျက်သော ဓာတ်ပုံတင်ခဲ့သည်ဟု စွပ်စွဲခြင်းခံရပြီး နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးဖြစ်သူ မချောစန္ဒီထွန်းသည် ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ်ချမှတ် ခံခဲ့ရကြောင်းနှင့် အလားတူသော စွဲချက်များဖြင့်ပင် အခြားသူများသည်လည်း အမှုရင်ဆိုင် နေရကြောင်း ဖော်ပြထားသည်။ ထို့ပြင် လယ်သမားအရေး လှုပ်ရှားသူ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ၊ NLD အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ မစုစုနွေးသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဆန္ဒပြမှုအတွက် ယခုလတွင် ဖမ်းဆီးခံခဲ့ရပြီး ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံနေရကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်က ရှမ်းပြည်နယ်တွင် မြေယာသိမ်းဆည်းမှုကို ဆန့်ကျင်၍ ဆန္ဒပြပွဲ ကျင်းပခြင်းအတွက် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မများဖြင့် တရားစွဲဆို ခံထားရသော လယ်သမား ၁၂ ဦး၏ အမှုကို ကြည့်ခြင်းဖြင့်လည်း သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရန် တောင်းဆိုသော တောင်သူလယ်သမားများကို ဆန့်ကျင်သော ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ကန့်သတ်ထားမှုများ ဆက်လက် ရှိနေသည်ကို မြင်နိုင်ကြောင်းလည်း AAPP က ထည့်သွင်း ထုတ်ပြန်ထားသည်။
၂၀၁၅ နှစ်ကုန်အထိ နိုင်ငံရေး တက်ကြွလှုပ်ရှား မှုများကြောင့် အမှုရင်ဆိုင်နေရသူ အရေအတွက်မှာ၂၀၁၄ နှစ်ကုန်ကထက် နှစ်ဆပိုများလာကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် နိုင်ငံရေး အကျဉ်းသား ၈၁ ဦး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံခဲ့ရကြောင်း AAPP မှ ကိုအောင်မျိုးကျော်က ပြောကြားသည်။
တရားစွဲဆို ခံရသူများတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများသာမက အလုပ်သမားအရေး၊ လယ်သမားအရေး ဆောင်ရွက်သူများလည်း ပါဝင်ကြောင်းနှင့်  ၂၀၁၅ မတ်လတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ ဦးအထိ တရားစွဲဆို ခံခဲ့ရကြောင်းလည်း AAPP မှ ထုတ်ပြန်ထားမှုများအရ သိရသည်။ 
AAPP အနေဖြင့် အကျဉ်းထောင် အတွင်းရှိသော နိုင်ငံရေး အကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ သြဂုတ်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။                   

Most Read

Most Recent